ရုပ်ရှင်ရုံတွေ… ပြန်ပေးပါ || ဂျေလှသင် ||

“ဖန်သားပြင်ပေါ်မှာ ပေါ်လာမယ့် ဇာတ်ကောင်ဟာ သူကပဲ story ကို carry လုပ်သွားတာ၊ ကျွန်မတို့ က behind the Camera မှာပဲ ရှိတယ်။ ကျွန်မတို့ ဘယ်လောက်တော်တော် ကျွန်မတို့ ဘယ်လောက် စေ့စပ်အောင် လုပ်လုပ်၊ colour collection ဘယ်လောက် ကောင်းကောင်း၊ song ဒီဇိုင်းဘယ်လောက် ကောင်းကောင်း၊ ကင်မရာမင်း မိုးပျံအောင် တော်နေ တော်နေ၊ Story ဘယ်လောက်ကောင်းတယ် ပြောပြော actor က deliver မလုပ်နိုင်ဘူးဆိုရင် အဲဒီ story ဟာ faling ပဲပေါ့နော်”
 
အမျိုးသမီး လူငယ်ဒါရိုက်တာတစ်ဦးရဲ့ ပရိသတ်ကို သူ ချပြမယ့်သူ့ရဲ့ အနုပညာရသကို ရုပ်လုံး ပေါ်အောင် ရုပ်ရှင်ဇာတ်ကား တစ်ကားအပေါ်မှာ သူ ဘယ်လိုဖန်တီးပုံဖော် တယ်ဆိုတာကို ဖြေထားတဲ့ အင်တာဗျူးလေးပါ။ ရုပ်ရှင်ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ အင်တာဗျူး။
 
အရင်ခေတ်ကတော့ အနုပညာရှင်တွေရဲ့အကြောင်း သူတို့ရဲ့ပြောစကားတွေကို ကြားချင်ရင် လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ အင်တာဗျူးပါမှ ဖတ်ကြရတာမျိုးလေ။ အခုခေတ်တော့ အဲဒီလိုမဟုတ် တော့ဘူး။ အင်တာနက် ဖွင့်ကြည့်ရတဲ့ youtube ကတစ်ဆင့် 7DayTV အစီအစဉ်ကနေ တင်မိုးလွင်နဲ့ စကားလက်ဆုံ အစီအစဉ်ကို ကြည့်ရတာ ဗဟုသုတ ရသလို၊ Eleven ရုပ်သံရဲ့Profile အစီအစဉ် ကလည်း အနုပညာနယ်ပယ်က ကျော်ကြားသူ အနုပညာရှင်တွေရဲ့ အကြောင်းကို အသံနဲ့တကွ ရုပ်ပါမြင်ကြရတယ်။ ခေတ်မီ တိုးတက်လာတဲ့ နည်းပညာက လူသားတွေကို အကျိုးပြုခြင်းဆိုပါတော့။ youtube မှာ ကိုယ်နားထောင်ချင်တဲ့ အကြောင်းကို ရိုက်ချလိုက်တာနဲ့ Kamayut Online TV ကြည့်မလား၊ စောစောကပြောတဲ့ 7Day, Eleven , BBC , DVB , VOA စသဖြင့် အဲဒီလိုရုပ်သံလွှင့် ချယ်နယ်တွေကနေ ကိုယ်ရှာဖွေတဲ့ အကြောင်းအရာနဲ့ ပတ်သက်သမျှ ဗီဒီယိုဖိုင်တွေ တန်းစီကျလာ ပါတော့တယ်။
 
အခုလည်း နာမည်ဆန်းဆန်းလေးနဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားအကြောင်း Online မှာသာမက အရပ်ထဲ ဈေးထဲတွေ အထိပါ လူပြောသူပြောများနေတာ ကြားရပါတယ်။ “ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ပါ။ အရင်ကြည့်ဖူးမြင်ဖူး ကြားဖူးတဲ့ ရုပ်ရှင်ဇာတ်ကား နာမည်တွေနဲ့မတူတဲ့ နာမည်လေးကြောင့် နားစွင့်မိရာက youtube မှာ ဥပါယ်တံမျဉ် ဆိုပြီး ရိုက်ရှာလိုက်တာ အဲဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ ဒါရိုက်တာ မင်းသား မင်းသမီးတွေနဲ့ အင်တာဗျူး၊ ပြီးတော့ အဲဒီ ဇာတ်ကားရဲ့ နမူနာတွေပါ တစ်ဝကြီး ကြည့်လိုက်ရပါတော့တယ်။ ဆောင်းပါးအစမှာ ကျွန်မရေးထားတဲ့ ဒါရိုက်တာနဲ့ အင်တာဗျူးကိုကြည့် အပြီးမှာတော့ အဲဒီဇာတ်ကားကို ကျွန်မစိတ်ဝင်စားသွားပါပြီ။ “ဥပါယ်တံမျဉ်”ဇာတ်ကားကို ရုပ်ရှင်ရုံမှာ သွားကြည့်ချင်လောက်အောင် ကျွန်မကို ခရစ္စတီးနားခီက ဆွဲဆောင်လိုက်ပါပြီ။ ဘယ်ရုံမှာ တင်ထားသလဲ၊ ကျွန်မ ဘယ်ရုပ်ရှင်ရုံကို သွားကြည့်ရင် “ဥပါယ်တံမျဉ်”ကြည့်ရမလဲ။ မျက်စိလည်ရပါပြီ။
 
အမှန်ကိုဝန်ခံရရင် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ရုပ်ရှင်ရုံတွေနဲ့ ကျွန်မဝေးကွာနေတာ ဆယ်စုနှစ် တစ်စုစာ မကတော့ပါဘူး။ မှတ်မှတ်ရရ မင်းသားလူမင်းပါတဲ့ “ငါ့ဓါး ငါ့သွေး ငါ့ဧရာဝတီ” ဆိုတဲ့ ရုပ်ရှင်ကို သမ္မတရုပ်ရှင်ရုံမှာ ကြည့်ခဲ့တာ နောက်ဆုံး ဆိုတာတော့ ကောင်းကောင်းမှတ်မိနေပါတယ်။ မြန်မာရာဇ၀င်ကားကို စိတ်ဝင်စားတာက တစ်ကြောင်း၊ ပြီးတော့ အိမ်ကTV ဖန်သားပြင်ပေါ်မှာသာ ရုပ်ရှင်ကြည့်ဖူးတဲ့ ကျွန်မသမီးလေးကို ရုပ်ရှင်ရုံတွေထဲမှာ ထိုင်ပြီး ပိတ်ကားပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်တွေကို ကြည့်ရတဲ့ အရသာကို သိစေချင်တာကလည်းတစ်ကြောင်း၊ အဲဒါ ကြောင့် သားအမိနှစ်ယောက် ရုပ်ရှင်ရုံထဲရောက်သွားခဲ့ကြဖူးတယ်ဆိုပါတော့။ သေချာပြန်တွက်ကြည့်ရင် ဆယ်နှစ် ကျော် လောက်ကို ရှိပါပြီ။
 
နောက်ပိုင်းတော့ ရုပ်ရှင်ရုံတွေဘက်ဆီ ခြေဦးမလှည့်ဖြစ်တော့ပါဘူး။ Skynet တို့၊ 5 Moves တို့လို ရုပ်သံလွှင့် မီဒီယာတွေကနေ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်လို့ရနေသလို ရုပ်ရှင်ရုံတွေထဲမှာ အချိန်တစ်ခု ပေးပြီး ထိုင်ကြည့် ရလောက်အောင်အထိလည်း မြန်မာရုပ်ရှင်တွေက ကျွန်မကို မဆွဲဆောင်နိုင်တာလည်း ပါမယ်ထင်ပါရဲ့။ အဲဒီတော့ ရန်ကုန်မြို့ကြီးမှာရုပ်ရှင်ရုံတွေ ဘယ်နှရုံရှိလို့ ဘယ်ရုံမှာ ဘာကားပြနေသလဲ ကျွန်မစိတ်မ၀င်စားပါဘူး။ တစ်ခါတစ်ခါ TV ချယ်နယ်တွေကနေ နမူနာပြတဲ့ ရုံတင်မယ့်မြန်မာရုပ်ရှင်ကြော်ငြာတွေမြင်ရတာနဲ့တင် ကြည့်ချင်စိတ်မပေါက်တဲ့ သရုပ်ဆောင်ချက် တွေနဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်တွေကြောင့်လည်း ပါလိမ့်မယ်ထင်ပါတယ်။ အဲဒီလို ရုပ်ရှင်ရုံတွေနဲ့ နှစ်ပေါင်းများစွာ ဝေးကွာလာရာက အခုကိုယ်လည်း ရုပ်ရှင်ကြည့်ချင်စိတ် ပေါက်လာရော ရုပ်ရှင်ရုံတွေ မရှာတတ်တော့ဘူး ဖြစ်ကုန်ရောဆိုပါတော့။
 
အခုမှပဲ ရန်ကုန်မြို့လယ်ကောင်က ရုပ်ရှင်ရုံနေရာတွေကို မှတ်ဥာဏ်ရေးရေးထဲကနေ ပြန်အစဖော် နေမိတော့တယ်။ အစဖော်ရတယ် ဆိုတာကလည်း ရုပ်ရှင်ရုံတွေနေရာမှာ ရုပ်ရှင်အစည်းအရုံးနဲ့ မည်သို့မှ ပတ်သက်ခြင်းမရှိတဲ့ အဆောက်အအုံကြီးတွေက နေရာယူထားကြပြီကိုး။ ကိုယ့်မှတ်ဥာဏ် တစ်ခုတည်းရဲ့ အားနဲ့ မရတော့တဲ့အတွက် ဆရာမှန် ( ဆောင်းပါးရှင်မှန်လိုလူ ) ကို အကူအညီ တောင်းရတော့တယ်။ ဆရာမှန်က ကျွန်မထက်ပိုပြီး ရုပ်ရှင်ရုံတွေကိုပိုမှတ်မိနေတာကိုး။ ဆရာတော်လိုက်တာ၊ မှတ်ဥာဏ်အတော်ကောင်းတာပဲဆိုတော့ “ဟာ..ဆရာမကလည်း ကျွန်တော်တို့ ငယ်ငယ်က ကျောင်းပြေးပြီး ငါးမူးတန်းက ကြည့်နေကျလေ၊ ရုပ်ရှင်ရုံတွေကို ဘယ်မေ့ပါ့မလဲ” တဲ့။ ဟုတ်တယ်၊ အဲဒါကျွန်မတို့ ခေတ်က လူဆိုးလို့ သတ်မှတ်ခံရနိုင်တဲ့ လူငယ်တွေရဲ့သရုပ်မှန်ပဲ။
 
အခုခေတ်လူငယ်တွေလို မူးစရာဆေးပြားမရှိ အရက်မပေါ။ ဆိုးပါတယ်ဆိုတာ ကျောင်းပြေးတဲ့ အဆင့်ကို ပြောတာ။ အဲဒီလိုကျောင်းပြေးပြီး သူဘာလုပ်မယ်ထင်လဲ၊ မုန့်ဖိုးလေးစုမိထားရင် ရုပ်ရှင်ခိုးကြည့်။ ဘိုင်ပြတ်ရင်တော့ ကန်တော်ကြီးမှာငါးမျှားရင်မျှား၊ မဟုတ်ရင် မြို့ပတ်ရထား လျှောက်စီး၊ အဲဒီလောက်ဆို အခုခေတ်လူငယ်နဲ့ ၈၈ မတိုင်ခင်ကလူငယ်တွေရဲ့ ခြားနားမှုကို တွက်ဆကြည့်လို့ ရလောက်ပါရဲ့။ ထားပါတော့၊ ကျွန်မပြောချင်တာ ရုပ်ရှင်ရုံတွေအကြောင်းပါ။
 
အခုဆို ရုပ်ရှင်ရုံတွေမရှိလို့ ရိုက်ပြီးသားရုပ်ရှင်ကား ၃၀၀ နီးပါးဟာ ရုံရက်စောင့်နေရပါသတဲ့။ ဘုရားသခင် ကယ်တော်မူပါ လို့တောင် ဘုရားတမိပါရဲ့။ ဟုတ်တာပေါ့၊ တစ်နိုင်ငံလုံးမှ ရုပ်ရှင်ရုံ ၄၀ ကျော်ပဲရှိတဲ့အဖြစ်ဟာ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်ရေးအတွက် ကြီးစွာသော အဟန့်အတား ပေါ့။ ဘယ်လောက်အဆင့်မြင့်တဲ့ နည်းပညာတွေသုံးပြီး ကမ္ဘာပေါ်ကအကောင်းဆုံးစက်ပစ္စည်းတွေနဲ့ မိုးပျံအောင်တော်နေတဲ့ ဒါရိုက်တာကြီးက ရိုက်ထားတဲ့ ဇာတ်ကားဖြစ်နေပါစေ၊ ရုပ်ရှင်ရုံမရှိဘဲနဲ့ ဘယ်လိုပြရမလဲ၊ ရုပ်ရှင်ချစ်ပရိသတ်ကကော ရုပ်ရှင်ရုံမရှိဘဲနဲ့ ဘယ်လိုအားပေးရမလဲ။ အခုဆို “ဥပါယ်တံမျဉ်” ဇာတ်ကားကြည့်ချင်ပါရဲ့။ ကိုယ့်မြို့မှာရုပ်ရှင်ရုံမရှိလို့ မကြည့်ရတဲ့ ပရိသတ်တွေရဲ့ အသံ၊ တစ်နိုင်ငံလုံးမှာ ညံနေတာပဲ။ ကိုယ်နဲ့နီးစပ်သမျှ လိုက်ကြည့်လိုက်တာ ကျွန်မတို့မြို့ ကွမ်းခြံ ကုန်းမှာ ရုပ်ရှင်ရုံမရှိဘူး၊ မြို့ချင်းကပ် ဒေးဒရဲမြို့မှာရုပ်ရှင်ရုံမရှိဘူး။ ကော့မှူးမြို့မှာ မရှိဘူး။ တွံတေးမြို့မှာမရှိဘူး။ ဒလမြို့မှာလည်း မရှိဘူး။ ပြီးတော့ နောင်ချိုမြို့က သူငယ်ချင်းကလည်း လှမ်းပြောတယ်၊ သူတို့မြို့မှာ ရုပ်ရှင်ရုံမရှိလို့ ကြည့်ချင်ပေမယ့် မကြည့်ရပါဘူးတဲ့။ အဲဒါကရန်ကုန်မြို့လယ်ကောင်ကနေ ဇက်နဲ့ တစ်ဖက်ကမ်းကူးလိုက်ရင် ရောက်တဲ့ ဒလမြို့ကနေစပြီး ဟိုဘက်ကားလမ်းတစ်လျှောက် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအစပ် ဒေးဒရဲမြို့အထိ လိုက်ကြည့် လိုက်တာ တစ်မြို့မှ ရုပ်ရှင်ရုံမရှိဘူး။ ရုပ်ရှင်ရုံတွေ ဘယ်များ ရောက်ကုန်ပါလိမ့်။
 
ဒီဘက်ကမ်းပြန်ကူး၊ ရန်ကုန်မြို့လယ် ဆူးလေတစ်ဝိုက် တစ်ခေတ်တစ်ခါက ရုပ်ရှင်ကြည့်သူတွေနဲ့ စည်ကားခဲ့ဖူးတဲ့ ရုပ်ရှင်ရုံတွေဆီ ကြည့်ကြရအောင် ဂုဏ်ရုံ၊ သူနဲ့ကပ်လျက် ပပ၀င်းရုံမရှိတော့ဘူး၊ ဟိုတယ်ကြီးဖြစ်နေပြီ။ ဗိုလ်ချုပ်လမ်းမပေါ်က မြို့မ ရုပ်ရှင်ရုံမတွေ့တော့ဘူး။ တာမွေဘက်ဆို မရိုးဆန်း၊ ရွှေဗဟိုရ် ရုပ်ရှင်ရုံတွေမရှိ တော့ဘူး။ ကျောက်မြောင်းဘက်ဆီက သီဟ ရုပ်ရှင်ရုံကြီးလည်း မတွေ့တော့ဘူး။ အံ့သြစရာအကောင်းဆုံးကတော့ မြေနီကုန်းမီးပွိုင့်တစ်ဝိုက်က ရုပ်ရှင်ရုံကြီးတွေပါပဲ၊ တပင်ရွှေထီး၊ ဆန်းသီရိ၊ ရတနာပုံ၊ ရွှေမန်း လေးရုံလုံး တစ်ရုံမှ မတွေ့တော့ဘူး၊ ပြီးတော့ တော်လှန်ရေးပန်းခြံနားဆီက ၀ိဇယ ရုပ်ရှင်ရုံကြီးလည်းမရှိတော့ဘူး။ နှမြောလိုက်တာ၊ ဘယ်သူတွေပယောဂကြောင့် ရုပ်ရှင်ရုံတွေရဲ့ကံကြမ္မာ ဘာတွေဖြစ်ကုန်ကြပါလိမ့်။
 
မြေနီကုန်းကကျော်လာရင် လှည်းတန်းမီးပွိုင့်။ လှည်းတန်းကတော့ထားပါတော့၊ နဂိုကတည်းက ရုပ်ရှင်ရုံမရှိတဲ့အရပ်၊ ကျွန်မတို့တက္ကသိုလ်ကျောင်းသူဘ၀က ရုပ်ရှင်ကြည့်ချင်ရင် မြို့ထဲသွားချင်သွား၊ မသွားချင်ရင် မြေနီကုန်းကရုံတွေမှာကြည့်၊ အဲဒီလိုမှမကြည့်ချင်ရင်တော့ အင်းစိန်နဲ့ မင်္ဂလာဒုံဘက်က ရုံတွေဆီသွားကြည့်ခဲ့ရဖူးတာမှတ်မိနေတယ်။ အခု အဲဒီအင်းစိန်လမ်းမတစ်လျှောက်ဆီက မြနန်းသိင်္ဂီ နဲ့ စန္ဒာမြိုင်ဆိုတဲ့ ရုပ်ရှင်ရုပ်တွေလည်း မရှိတော့ပါလား။ ရန်ကုန်မြို့မှာ ရုံဝင်ခဈေးအသက်သာဆုံး ဆိုတာ နာမည်ကြီးတဲ့မင်္ဂလာဒုံတပ်နယ်က တပ်မတော်ရုပ်ရှင်ရုံကြီးတောင် မရှိတော့တဲ့နောက် ကျန်တဲ့ရုံတွေမရှိတော့တာ စာမဖွဲ့တော့ပါဘူး။ တောင်ကြီးက မိတ်ဆွေတွေကလည်း ပြောပြတယ်။ အရင်က ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမှာ ရုပ်ရှင်ရုံ ငါးရုံရှိပါတယ်တဲ့။ အခုတော့ မြသုခ ဆိုတဲ့ရုံလေး တစ်ရုံပဲကျန်ပါတော့သတဲ့။
 
ရင်မောစရာကြီးနော်၊ အကယ်၍များပေါ့၊ “ဥပါယ်တံမျဉ်” ရဲ့ဖန်တီးရှင်ခရစ္စတီးနားခီတို့လို အရည် အချင်းရှိတဲ့ ဒါရိုက်တာမျိုးတွေ အများကြီးပေါ်ထွက်လာပြီဆိုပါစို့၊ သူတို့လက်ရာ ရုပ်ရှင်ကားကောင်း တွေလည်း တစ်ကားပြီးတစ်ကား ထွက်လာခဲ့မယ်ဆိုရင် ဘယ်မလဲ ပြစရာရုပ်ရှင်ရုံ။ လုံလောက်တဲ့ ရုပ်ရှင်ရုံတွေမရှိဘဲနဲ့ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားရေး လုပ်ရတာကြီးက ဘီးတပ်မထားတဲ့ကားနဲ့ ခရီးထွက်မယ်ပြောနေသလိုပဲ။ ဘယ်လိုပဲ ပါဝါပြည့်တဲ့ဆီထည့်ထားထား၊ အကောင်းစားအင်ဂျင်ကြီးထိုင်ထားဦး၊ ကားရဲ့ရုပ်ထွက်ဘယ်လောက်လှလှ၊ ရှေ့မီးနောက်မီး မီးလုံးတွေဘယ်လိုပဲကောင်းကောင်း ဘီးမပါရင်ဘယ်ခရီးမှမရောက်သလိုပဲ။ အများပြည်သူ လွယ်လင့်တကူ အနားယူအပန်းဖြေစရာ ရုပ်ရှင်ရုံတွေမရှိရင် မြန်မာ့ရုပ်ရှင်အဆင့်အတန်းလည်း ဘယ်မှ မရောက်စေရဘူး၊ စိတ်ချ။
 
ရုပ်ရှင်ရုံတွေဟာ အစိုးရပိုင်လား၊ ၀န်ကြီးဌာနပိုင်လား၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေပဲပိုင်တာလား ကျွန်မတို့ရုပ်ရှင်ချစ်ပရိသတ်က မသိပါဘူး။ သိစရာလည်းလိုမယ်မထင်ဘူး။ လိုတာက မရှိတာတွေ ရှိအောင် ပြန်လုပ်ပေးကြဖို့ပဲလိုတာ။ အစိုးရကလုပ်လုပ် ၀န်ကြီးဌာနကပဲလုပ်လုပ်၊ ကုမ္မဏီတွေကပဲ လုပ်လုပ် ပြန်လုပ်ပေးကြပါ။ ကျွန်မတို့ပြည်သူတွေ ကြည့်ပျော် ရှုပျော်ဖြစ်တဲ့ရုပ်ရှင်တွေ အလွယ်တကူကြည့်ခွင့်သာဖို့ ရုပ်ရှင်ရုံတွေ ပြန်ပေးပါလို့ တောင်းဆိုလိုက်ပါတယ်။
 
ဂျေလှသင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.