ယဉ်ကျေးသောစိတ်ဖြင့်သာ ဒီမိုကရေစီခရီးကို လျှောက်နိုင်မည် // အေးလွင် ( ကသာ ) //

မြန်မာလူမျိုးဆိုသည်မှာ စိတ်သဘောထား ကောင်းမွန်ကြ၍ ကိုယ့်အပေါ် ရန်ပြုခဲ့သူကိုပင် ခွင့်လွှတ်ကျေအေးတတ်သော လူမျိုးဖြစ်၏။ မကောင်းမှု ကို ရှောင်၊ ကောင်းမှုကိုဆောင်ရန် ကြိုးစားနေထိုင်သူများ ဖြစ်၏။
 
တစ်ဦးကိုတစ်ဦး ရန်လိုခြင်း၊ စိတ်မရှည်ခြင်း၊ သည်းမခံခြင်း၊ စကားပြော ဆိုရာတွင် ရိုင်းရိုင်းစိုင်းစိုင်း ပြောတတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ သနားညှာ တာစိတ်မရှိခြင်း၊ လူအချင်းချင်း မကူညီခြင်း တို့သည် မြန်မာတို့၏ မူလစိတ်ထားများ မဟုတ်ခဲ့ပေ။ ဗုဒ္ဓဘာသာကိုးကွယ်သူ အများစုဖြစ်၍ ဗုဒ္ဓ၏ အဆုံးအမအောက်တွင် ကြီးပြင်းလာသူများဖြစ်၍ ယဉ်ကျေး သိမ်မွေ့ခြင်း၊ စာနာထောက်ထားခြင်း၊ သည်းခံခွင့်လွှတ်ခြင်း၊ တစ်ဖက် သား ကို ကူညီခြင်းတို့သည်သာ မြန်မာတို့၏ မူလဗီဇစိတ်များဖြစ်၏။
 
ယခုတော့ အရင်လိုမဟုတ်တော့ပြီဟု ပြောရမည်ဖြစ်၏။ နေ့စဉ် သတင်းများကို ကြည့်ပါက လူသတ်မှု၊ လုယက်မှု၊ ယာဉ်တိုက်မှု၊ မုဒိမ်းမှုများကို အများဆုံး တွေ့ရမည်ဖြစ်၏။ မုဒိမ်းကျင့်လူသတ်ရာတွင် ၂ နှစ်၊ ၃ နှစ်အရွယ် ကလေးမှစ၍ အိပ်ရာထဲလှဲနေသော လေဖြတ်ထားသည့် အဘွားအိုထိပါမကျန်အောင်ထိ ဖြစ်နေသည်က ဆိုးရွားလွန်းလှ၏။
 
ကိုယ့်ကိုထမင်းကျွေးသည့် ခရီးသည်ကို အဓမ္မကျင့်၊ သတ်ဖြတ်သည်ထိ ကျူးလွန်ကြသော တက္ကစီဒရိုင်ဘာများ ပေါ်ခဲ့လေပြီ။ ဟိုးရှေးယခင်က မုဒိမ်းမှုဆိုတာ ခေတ်ပျက်မှ တောကြောင်လူဆိုးများ၊ ဓားပြများ ကျူးလွန်ကြတာများ၏။ သက်ငယ်မုဒိမ်းဆိုတာ အလွန်ဖြစ်ခဲသော အမှုဖြစ်၏။ ဤလိုအဖြစ် နည်းခဲ့ရခြင်းမှာ မိန်းမသားများကို ကိုယ့်မောင်နှမသားချင်းသဖွယ် စောင့်ရှောက်တတ်သော မြန်မာ့ယဉ်ကျေးမှုကြောင့် ဖြစ်၏။ ယခုအခါတွင်မတော့ မကြားဝံ မနာသာ မုဒိမ်းမှုများသတင်းကြားရတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်အတွက် ရှက်မိရတော့၏။
 
၂၀၁၄ ခုနှစ်က အထက်အညာဒေသမှ တောရွာကလေးတွင် အဖေအရင်းမှ သမီးကိုကျူးလွန်၍ ကိုယ်ဝန်ရခဲ့ပြီး ကလေးမွေးရာ ဖအေက မွေးပြီးစကလေးကိုသတ်ပြီး ချောင်းထဲသွားမျှော၏။ မီးနေစောင့်ပေးသည့် သမီးငယ်ကမြင်၍ သူ့အဖေကို အလွန်စိတ်နာသွားပြီး ရဲစခန်းသို့ ပြေးတိုင်သဖြင့် ထောင်အနှစ် ၄၀ ကျသွားခဲ့ရ၏။ ရိုင်းစိုင်းယုတ်မာမှုက ကမ်းကုန်ပြီဟု ဆိုရတော့မည်ဖြစ်၏။
 
တစ်ဦးပေါ်တစ်ဦး သည်းခံမှု၊ ငဲ့ညှာသနားစာနာမှုများ ခေါင်းပါးလာကြ၏။ လမ်းသွားရင်း ထိမိခိုက်မိဖြစ်တာကိုပင် လူသတ်ရလောက်အောင် ဖြစ်လာရ၏။ ကားပြိုင်မောင်းရင်း အခန့်မသင့်ပါက ရိုက်ပွဲဖြစ်ကြသေး၏။ စည်းကမ်းဆိုသည်မှာ ဘာလဲဟူ၍ မေးရလောက်အောင် စည်းကမ်းပျက်မှုများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေ၏။ စည်းကမ်းမဲ့ နေထိုင် ပြုမူ လုပ်ဆောင်ချက်များနှင့် ယဉ်ပါးနေပြီဟု ဆိုရတော့မည်ဖြစ်၏။
 
မတရားမှုပြုရသည်ကို ရှက်ရကြောက်ရမှန်း မသိတော့အောင် အရှက်တရားနည်းလာကြ၏။ တစ်ချိန်ကဆိုလျှင် လူမြင်ကွင်း၌ အရက်သောက်သူ ယောက်ျားများကို အရက်သမားဟု သမုတ်ခံရသဖြင့် အရက်သောက်တတ်သူများပင် လူမြင်ကွင်း၌ သောက်လေ့မရှိပေ။ ထို့နောက်ပိုင်း ယောက်ျားလေးများ အရက်သောက်သည်မှာ မဆန်းတော့သည့် ခေတ်ရောက်လာ၏။ ယခုတော့ မိန်းကလေးများ လူမြင်ကွင်းတွင် အရက်သောက်သည်မှာ မဆန်းတော့သည့်ခေတ်အထိပင် ရောက်ရှိလာပြီဖြစ်၏။ အခမ်းအနားပွဲလမ်းများတွင် ယောက်ျားများနှင့်တန်းတူ အရက်သောက်ရသည်ကိုပင် ဂုဏ်ယူကြသည်အထိ ဖြစ်လာတော့၏။
 
စည်းကမ်းမဲ့မှုများဖြင့် အသားကျသလိုဖြစ်လာသောအခါ သူခိုးကလူကို ပြန်ဟစ်သောခေတ် ရောက်သွား၏။ တစ်ဖက်လူ၏ပိုင်နက်ကို ကျူးလွန်ပြီးနေသူက သူသာ အမှန်ထင်နေသူလို ဖြစ်၏။ ကြုံဖူးခဲ့ရသော အဖြစ်မှာ လမ်းပေါ်တွင် ပျံကျဈေးရောင်းသူများနှင့် သွားလာနေသော ယာဉ်များပိတ်ဆို့မှုကြောင့် ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲ တွေ့ရသဖြင့် ကျောင်းအုပ်ကြီးမှ သက်ဆိုင်ရာသို့ တိုင်ကြားသောအခါ သက်ဆိုင်ရာစည်ပင်မှ လမ်းပေါ် ဈေးရောင်းနေသော ဈေးသည်များကို ရှင်းလင်းတော့၏။ ထိုအခါ ဈေးသည်များက ဆန္ဒပြမည်ဟု ခြိမ်းခြောက်သောအခါ စည်ပင်မှ ကြိုက်သလိုသာပြ၊ ဂရုမစိုက်ဘူးဟု ခပ်မာမာ တုန့်ပြန်မှ ငြိမ်တော့သည်။ လမ်းဘေး ချရောင်းခွင့်ပြုထား သော်လည်း လမ်းပေါ်အထိ တက်ကာ ဈေးချရောင်း၍ ဖြစ်လာသော ပြသ၁နာဖြစ်၏။
 
စည်းကမ်းမဲ့မှု၊ လူလူချင်း အမြတ်ထုတ်မှု၊ ကိုယ်ချင်းမစာနာတတ်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ အများအကျိုးအတွက် စွန့်လွှတ်ရဲသော သတ္တိမရှိမှု၊ ကိုယ်ကျိုးအတွက် အများပိုင်ပစ္စည်းကို အလွဲသုံးမှုတို့သည် မြန်မာတို့ ဖြတ်သန်းခဲ့ရသော ခေတ်များက သင်ကြားပေးလိုက်သလို ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်၏။ စစ်အာဏာရှင် စတင်ပြီးနောက် မြန်မာတို့ စာရိတ္တပျက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ လွဲမှားသော စီးပွားရေး စီမံကိန်းစနစ်ကြောင့် ဆန်ရေစပါး ပေါများသော တိုင်းပြည်တွင် ဆန်ရှားခဲ့ရသည်။ ဧည့်သည်ကို ထမင်းကျွေးရမှာ ပျော်တတ်သည့် ဓလေ့သည် ဧည့်သည်ကို ကျွေးရမှာ ကြောက်လာသည်အထိ ကိုယ့်ဝမ်းစာ ကိုယ်မနည်းရှာစားခဲ့ရ၏။ ဆန်ရှားလွန်း၍ ဆန်ရရန် ဆန္ဒပြမိသည့် အလုပ်သမားများ ဆန်မရဘဲ ကျည်ဆန်ရ၍ သေပွဲဝင်ခဲ့ရ၏။
 
ဗဟိုစီမံကိန်းစီးပွားရေးစနစ်အောက်တွင် လုပ်ငန်းဟူသ၍ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိရာ စီမံခန့်ခွဲမှု အလွဲများကြောင့် ကိုယ့်ပစ္စည်းကိုကိုယ် ပြန်ခိုးစားရသည့် ဘ၀ ရောက်ခဲ့ရသလို မှောင်ခိုစီးပွားရေး ဈေးကွက်ကြောင့် လူလူချင်း အမြတ်ထုတ် အနိုင်ကျင့်တတ်သည့် အလေ့အထ ပေါ်ထွန်းလာခဲ့၏။ မိန်းကလေးများစွာ မှောင်ခိုလမ်းကြောင်းပေါ် လျှောက်လှမ်းရင်း ဘ၀ပျက်ခဲ့ရ၏။ တိုင်းပြည် စီးပွားရေး ချွတ်ခြုံကျပြီဆိုမှတော့ ကျန်သည့် ကဏ္ဍပေါင်းစုံ အကုန်လိုက်ကျတော့ရာ ကမ္ဘာ့အောက်ဆုံးတန်း နိုင်ငံအဖြစ်သာ ရပ်တည်နိုင်သည့် ဘ၀ ရောက်သွားတော့၏။
 
လူမျိုး၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကြီးထွားမှု ကျဆင်းရသလို ကောင်းမွန်လှသည့် မြန်မာ့စိတ်ရင်း စာရိတ္တများ ပြိုလဲပျက်စီးခဲ့ရတော့၏။ မြန်မာတို့၏ စာရိတ္တများ၊ အတွေးအခေါ်များ ကို ကြည့်ချင်လျှင် Facebook များတွင် ရေးထားသည်များကို လိုက်ကြည့်ပါက သိသာနေ၏။ ရှက်သင့်သည့်အရာကို လုံးဝမရှက်၊ ကြောက်သင့်သည့်အရာကို လုံးဝမကြောက်ဘဲ ခပ်ရိုင်းရိုင်း တွေးခေါ်၍ ရေးသားနေသည်ကို ခေတ်မီပွင့်လင်းသည်ဟု အထင်ရောက်နေကြ၏။ တစ်ချိန်က ငါးစိမ်းသည် မိန်းမကြမ်းကြီးများ နှုတ်မှမထွက်ဝံ့သော ဖရုသ၁၀ါစာ စကားလုံးမျိုးဖြင့် Facebook တွင် တစ်ဦးနှင့်တစ်ဦး အပြိုင်ဆဲနေကြ၏။ မိန်းကလေးချင်း အပြိုင်ဆဲကြသလို မိန်းကလေးနှင့် ယောက်ျားလေး အပြိုင်ဆဲနေကြသည်ကို တွေ့ရ၏။ ပက်ပက်စက်စက် ဆဲနည်းပေါင်းစုံကို ရေးနေကြသော လူငယ်များစွာကို တွေ့မြင်နေရတော့ ထိတ်လန့်လာ၏။ ဤလိုလူငယ်များ၏ လက်ထဲတွင် တိုင်းပြည်အနာဂတ် ရှိလေရာ ကိုယ့်တိုင်းပြည်အတွက် ရင်လေးလာတော့၏။ မိန်းကလေးတွေ အရှက်နည်းလာသည်။ လွန်ခဲ့သည့် နှစ် ၂၅ လောက်က မြန်မာ့ဝတ်စားဆင်ယင်မှု မပျက်ခဲ့သေးပါ။ ယခုတော့ မဖော်နိုင်လျှင် မလှတော့ဟု ထင်ရလောက်အောင် ဖော်ကြ၏။ ရေချိုးနေပုံများ၊ ဘာမှမ၀တ်ဘဲ ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ရဲသည်အထိ အရှက်နည်းသွားသူများ ပေါ်လာကြပြီဖြစ်၏။
 
ပျက်စီးသွားသော စာရိတ္တများ၊ စည်းကမ်းမဲ့မှုများဖြင့် တိုင်းပြည်ကို ထူထောင်၍ မရပါ။ စည်းကမ်းကို ချမှတ်ထားပြီး အရေးယူမှု မထိရောက်သောအခါ ချမှတ်ထားသော စည်းကမ်းများသည် ဘာမှအရာမထင်တော့ပေ။ မြန်မာတို့ကလည်း ကိုယ့်တိုင်းပြည်တွင်သာ စည်းကမ်းမဲ့စွာ နေထိုင်ကြသော်လည်း၊ အခြားတိုင်းပြည်ရောက်လျှင်တော့ ထိုတိုင်းပြည်၏ ချမှတ်ထားသော စည်းကမ်းကို အစွမ်းကုန် လိုက်နာကြသည်ကို တွေ့ရမည်ဖြစ်၏။ မလိုက်နာပါကလည်း ထိရောက်သော အရေးယူမှုကို ခံရမည်ဖြစ်၏။ မြန်မာပြည်တွင်လည်း ချမှတ်သော စည်းကမ်းကို လိုက်နာမှု ရှိအောင် ထိရောက်သော အရေးယူမှု အဆက်မပြတ် လုပ်ဆောင်ပါက စည်းကမ်း လိုက်နာမှု ရှိလာမည်ဖြစ်၏။
 
ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားတို့၏ စည်းကမ်းလိုက်နာတတ်မှုသည် အသက်တမျှ အရေးကြီးပါသည်။ စည်းကမ်းမဲ့မှုဖြင့် မျှော်မှန်းထားသော လမ်းကြောင်းကို မလျှောက်လှမ်းနိုင်ပါ။ မြန်မာပြည်တွင် စည်းကမ်းမဲ့မှုများ အောက်တွင် ပြည်သူအများမှာ အကာအကွယ်မဲ့သလို နေထိုင်နေရသည်။ ချမှတ်ထားသော စည်းကမ်းကို မလိုက်နာ၍ ဘာမှမဖြစ်ကြသောအခါ စည်းကမ်းကို တန်ဖိုးထားရမှန်း၊ လိုက်နာရမည်မှန်း မသိတော့အောင် ဖြစ်နေသည့် အနေအထားကို ပြောင်းလဲပစ်နိုင်အောင် ပထမဆုံး ကြိုးစားလုပ်ဆောင်ရမည် ဖြစ်၏။
 
စည်းကမ်းဥပဒေကို လေးစားလိုက်နာအောင် ဆောင်ရွက်ရာတွင် အခွင့်ထူးခံနေသော လူတန်းစား မရှိစေဘဲ နိုင်ငံသား အားလုံး ဥပဒေအောက်တွင် ရောက်ရှိနေအောင် ဆောင်ရွက်မှသာ ဒီမိုကရေစီနိုင်ငံသို့ ရောက်နိုင်မည်ဖြစ်ပါသည်။
 
နိုင်ငံကိုပျက်စီးစေခဲ့သော စနစ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပြီး စနစ်အောက်မှာ ရှိသည့် လူအများ၏ တစ်ဦးချင်း စာရိတ္တများကို ပြုပြင်နိုင်မှသာ အသစ်ပြန်လည်ထူထောင်နိုင်မည် ဖြစ်သလို နိုင်ငံ၏ အနာဂတ်လူငယ်များကို ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုများ ရှိလာစေရန် စည်းကမ်း၊ ဥပဒေ ကို လိုက်နာတတ်သူများ ဖြစ်လာစေရန် အမျိုးသားအဆင့် စီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်သင့်ပေသည်။
 
အေးလွင် ( ကသာ )
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.