ပြောင်းလဲရမည့် စိတ်ဓာတ်များ // လင်းသက်ခိုင် //

ကြာရှည်လေးမြင့်စွာ ဆုပ်ကိုင်ထားရသည်ကို အများက နှစ်သက်ခြင်းမရှိပေ။ တစ်နေရာတည်း အကြာကြီး ရပ်နေရသည်၊ ထိုင်နေရသည်၊ အဖန်တလဲလဲ ကြားဖူးနေသော စကားများ၊ တရားများ ခဏခဏ ကြားရသောအခါ ငြီးငွေ့တတ်ကြသည်။ သဘာဝတရားဖြစ်သည်။ အပြောင်းအလဲကို လိုအပ်လာသည်။ အပြောင်းအလဲကို လိုချင်လာသည်။ အပြောင်းအလဲကို တောင့်တကြ၏။ ပြောင်းလဲအောင် ကြိုးပမ်းကြသည်။ တစ်စုံတစ်ခုသော အရာများ ရွေ့လျားသွားသည်။ တစ်စုံတစ်ရာသော သူတို့ ပြောင်းလဲလာကြသည်။ တစ်စိတ်တစ်ပိုင်း သောအရာတို့ တစ်နည်းတစ်ဖုံဖြစ်လာသည်။ မျှော်လင့်ချက်များ ပိုမိုကြီးမားလာသည်။ ယုံကြည်ချက်များလည်း ပိုခိုင်မာလာသည်။ အပြောင်းအလဲတို့၏ ခရီးကို အတူတူဆက်လျှောက်ကြမည်ဟု မျှော်မှန်းကြသည်။
 
တူရာတူရာတို့ ပေါင်းစုထားသော စိတ်များဖြင့် ခရီးကို ဆက်ဖို့ပြင်ကြသည်။ တာဝန်ရှိသူများလည်း ပါသည်။ တာဝန်သိသူများလည်း တချို့ပါသည်။ သို့သော်လည်း အားလုံး တစ်ပြေးညီတူဖို့ ဆိုသည်ကတော့ လွယ်ကူသည့် ကိစ္စမဟုတ်ပါချေ။ လူချင်းတူသော်လည်း စိတ်ချင်းက တူဖို့မလွယ်ပေ။ သို့သော်လည်း အကောင်းဆုံးကိုတော့ လိုချင်ကြသည်။ ရယူဖို့ကိုတော့ အကုန်ဖြစ်ချင်မှ ဖြစ်မည်။ အဦးအစမှာတော့ စိတ်အားထက်သန်ကြသည်။ ပူးပေါင်းပါဝင်ကြသည်။ သို့သော် ခဏမျှသာဖြစ်သည်။ အစဉ်မပါချေ။ ဖွဲမီးလို တငွေ့ငွေ့ လောင်နေသူတွေလည်း ရှိသည်။ ကောက်ရိုးမီးလို ဟုန်းခနဲတောက်လောင်ပြီး ခဏတာလေးနှင့် ငြိမ်သွားကြသည့်သူများကလည်း အများကြီးရှိကြလေသည်။
 
ခေတ်စနစ်ဆိုသည်ကို လူက ဖန်တီးတည်ဆောက်ရခြင်း ဖြစ်သည်။ ခေတ်စနစ်က လူကို ဖန်တီး တည်ဆောက်ပေးသည် မဟုတ်ပါချေ။ ခေတ်ကို လူတွေက ပြောင်းလဲပေးနေကြသည်။ တချို့က ခေတ်ကိုမြင်သည်။ တချို့က ခေတ်ကိုမမြင်၊ တချို့က ခေတ်ကိုသိသည်။ တချို့က ခေတ်ကိုကြည့်နေသည်။ တချို့က ခေတ်ကို မေ့နေသည်။ တချို့က ခေတ်ကိုအပြစ်မြင်သည်။ တချို့က အပြစ်တင်သည်။ တချို့က ခေတ်ကို စောင်းမြောင်းသည်။ တချို့က ခေတ်ကို ချောင်းမြောင်းသည်။
 
ခေတ်တစ်ခေတ် ပြောင်းသွားတိုင်း ဟောင်းသွားသူတွေရှိသည်။ နှောင်းသွားသူလည်း ရှိသည်။ ကောင်းသွားသူတွေလည်း ရှိသည်။ စောင်းသွားသူတွေလည်း ရှိကြသည်။ တချို့က ခေတ်ထဲမှာ ကျန်ခဲ့သည်။ တချို့က ချန်ခဲ့သည်၊ တချို့က ခေတ်နှင့်အတူ လိုက်သည်။ တချို့က ခေတ်ကို ပြုပြင်ဖို့ ကြိုးစားကြသည်။
 
လူအချို့က ပြောကြဦးမည်။ နိုင်ငံရေးစကားတွေ နားထောင်ရတာ ပျင်းသည်၊ နားငြီးသည်၊ ကိုယ်နှင့်မဆိုင် မပတ်သက်ဟု ယူဆထားကြသူများကလည်း လောက၀ယ် ဒုနှင့်ဒေးပင်ဖြစ်သည်။ အမှန်တကယ်တော့ နိုင်ငံအတွင်းမှာ နေထိုင်သူအားလုံးသည် နိုင်ငံရေးကို စိတ်ဝင်စားသည် ဖြစ်စေ၊ မ၀င်စားသည်ဖြစ်စေ နိုင်ငံ၏ အရေးအရာ အားလုံးနှင့် ပတ်သက်နေသည်ကတော့ အသေအချာပင်။ ကျွန်တော်တို့၏ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပြောခဲ့လေသည်။ လူဆိုသော သတ္တ၀ါသည် နိုင်ငံရေး သတ္တ၀ါပင် ဖြစ်၍ လူတို့နေစဉ် ပြုလုပ်နေရသော စားဝတ်နေရေးသည်ပင် လွှဲရှောင်၍မရသော နိုင်ငံရေးအမှုပင် ဧကန်ဖြစ်ပေတော့သည်။
ကိုယ်တိုင်တွေ့ကြုံရင်ဆိုင်နေရသော အသက်မွေးဝမ်းကျောင်း ပြုခြင်း၊ စားဝတ်နေရေး ပြသ၁နာဖြေရှင်းခြင်း၊ ဘ၀ထဲက နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုတို့ကအစ အားလုံး နိုင်ငံရေးနှင့် မကင်းနိုင်ပေ။ နိုင်ငံရေးတွင် ၀င်ရောက်မပါချင်၊ နိုင်ငံရေးနှင့် ကင်းအောင်နေကြသည်ဟု အချို့က ဆိုကြသော်လည်း နိုင်ငံ့အရေးအရာ များစွာတို့ကို ရှောင်လွှဲ၍ မရပါချေ။ မဆုံချင်လို့သာ ဆိုကြသည်၊ မကြုံချင်၍မရပါချေ။
 
နိုင်ငံရေးသတ္တ၀ါတို့ကို အချို့က ရွံမုန်းတတ်ကြသည်။ နိုင်ငံရေးသမားဟူလျှင် မိမိအနိုင်ရရန် ညစ်ထေးကြသည်။ ညစ်ပတ်တတ်ကြသည်ဟု အမြင်သေ၀ါဒ ကိုင်စွဲထားသူများလည်း ရှိ၏။ နိုင်ငံရေးသမား မှန်လျှင် အကျင့်မကောင်းဟူသော အတွေးကလည်း လူတော်တ်ာများများ တွေးတတ်ကြလေသည်။ သည့်အတွက် အချို့ပတ်ဝန်းကျင်မှာပင် နိုင်ငံရေးကို အမြင်စောင်းလေ၏။ နိုင်ငံရေးသည် အတ္တကို ဖော်ဆောင်သည်၊ အတ္တဗဟိုပြုဝါဒ ဖြစ်သည်။ နိုင်ငံရေးသည် ကိုယ်ကျိုးရှားသည့် အလုပ်ဟုလည်း မြင်တတ်ကြလေသည်။ နေရာလိုချင်သူ ကိုယ်ကျိုးရှားအတ္တသမားတို့၏ စားကျက်ဟုလည်း စွပ်စွဲလေသည်။
 
နိုင်ငံတော်၏ မူလအချုပ်အခြာ အာဏာပိုင်ရှင်သည် အမှန်စင်စစ်၌ ပြည်သူပင်ဖြစ်၏။ ပြည်သူက သူတို့လိုချင်သော အစိုးရကို ရွေးချယ်၏။ အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ခဲ့ကြ၏။ အရပ်သားအစိုးရကို နေရာပေးခဲ့၏။ အရပ်သားအစိုးရ ကိုယ့်အစိုးရ ဖြစ်လာသဖြင့် ပြည်သူတွေကျေနပ်ကြသည်။ ပြည်သူတွေမှာက လိုလားချက်တွေ လိုအပ်ချက်တွေ အမြဲရှိနေသည်။ ခေတ်အဆက်ဆက် ဖရိုဖရဲနှင့် ပြိုကွဲပျက်စီးခဲ့သမျှတွေ ပြန်လည်ကောင်းမွန်လာတော့မည်။ ပြုပြင်နိုင်တော့မည်ဟု တွေးထင်မိကြသည်။
 
ပတ်ဝန်းကျင်ထဲမှ လူပြိန်းကြိုက် စကားပြောတတ်သူများကတော့ နိုင်ငံရေးတော့ စိတ်မ၀င်စားဘူးဟေ့။ နိုင်ငံရေးလည်း နားမလည်ပါဘူး။ ဘယ်အစိုးရတက်တက် တို့ပြည်သူတွေ ထမင်းစားဖို့ အဆင်ပြေရင် ကျေနပ်ပါပြီဟု ဆိုသူများကလည်း ရှိကြသေးသည်။ တချို့ကတော့ အစိုးရရှိမှန်းမသိတဲ့ တိုင်းပြည်မျိုးကို သဘောကျသည်ဟု ဆိုပြန်သည်။ ယခုအခါမှာတော့ အစိုးရရှိမှန်းသိနေသည်က ထင်ရှားသည်။ ယခင်စစ်အစိုးရ လက်ထက်မှာလည်း ထစ်ခနဲဆို မကျေနပ်တိုင်း မြို့တော်ခန်းမရှေ့သွားပြီး ဘုတ်ကလေးတွေ ကိုင်ပြီး ဆန္ဒပြကြသည်။ မကျေနပ်ချက်များကို ဖြေရှင်းပေးရန် ကြွေးကြော်၍ တောင်းဆိုကြသည်။ အစိုးရက ဖြေရှင်းပေးနိုင်သည် ဖြစ်စေ၊ မဖြေရှင်း ပေးနိုင်သည်ဖြစ်စေ တောင်းဆိုမှုတွေက ထစ်ခနဲဆို ရောက်လာကြသည်။
 
ပြည်သူ့အစိုးရခေတ် ရောက်တော့ ယခင်က မရခဲ့သော အခွင့်အရေးများကို အားလုံးက လိုချင်လာကြသည်။ မျှော်တလင့်လင့် ရှိကြသည်။ အကောင်းဆုံး ချက်ချင်းမဖြစ်နိုင်ဟုလည်း တွေးမိသူရှိသည်။ ထိုက်သင့်သလောက် ဖြစ်လာဖို့ လိုချင်သူများလည်း ရှိသည်။ အချို့ကလည်း ယခုအစိုးရအပေါ် ခွင့်လွှတ်ပေးသည်။ ချက်ချင်း လက်ငင်းကြီးလည်း အားလုံး တိုးတက်လာဖို့ မလွယ်သည်ကို နားလည်ပေး၏။ သို့သော် အားလုံးက ကြည့်နေကြသည်။ နှစ်ပေါင်း ၆၀ ကျော်လောက် ပျက်စီးခဲ့သော တိုင်းပြည် ချက်ချင်းတော့ ဥုံဖွလုပ်မရနိုင်ဆိုသည်ကလည်း မှန်၏။ သို့သော်လည်း တတ်နိုင်သလောက် မြန်မြန်ဖြစ်စေချင်သည်တို့ကိုလည်း ဖြစ်စေချင်သည်က အမှန်။
 
ပြည်သူတင်မြှောက်သော အစိုးရ အချိန်ကာလတစ်ခုမှာ ဆောင်ရွက်နိုင်ကောင်းရဲ့ဟု မျှော်တလင့်လင့် ဖြစ်ကြသည်။ အစိုးရသစ်၏ သက်တမ်းတစ်ဝက်မျှတွင် ပြည်သူ၏ လိုလားချက်များ ပို၍ များလာလေသည်။ မြေသိမ်း ယာသိမ်းတွေ ပြန်ပေးဖို့ နေရာစုံ တောင်းဆိုပါသည်။ လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုလာကြသည်။ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ရဖို့၊ ဆက်သွယ်ရေး ပုဒ်မတွေ ရုပ်သိမ်းဖို့ အစရှိသဖြင့် တောင်းဆိုကြသည်။
 
အစိုးရဘက်ကလည်း အကောင်းဆုံးဖြစ်အောင် စီမံဖန်တီးဖို့ ကြိုးစားရသည်။ အကောင်းဆုံးဖြစ်အောင် မျှော်လင့်၍ ကြိုးစားသည် ဆိုသော်လည်း လိုအပ်ချက်များက ရှိနေဆဲပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ပျက်စီးခဲ့သော အရာအားလုံးတို့ကို ချက်ချင်းလက်ငင်း ပြန်လည် တည်ဆောက်ဖို့ ဆိုသည်က လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ လောကတွင် ဖျက်ဆီးရသည်မှာ လွယ်ကူသလောက် တည့်မတ်အောင် ပြန်လည် တည်ဆောက်ရသည်က မလွယ်ပါချေ။
 
ခေတ်စနစ်တစ်ခု ပြောင်းလဲဖို့ကို လိုချင်ကြသည်။ သို့သော် လူမပါဘဲ ခေတ်ကြီးသက်သက် ပြောင်းလဲသွားမည် မဟုတ်။ အပြောင်းအလဲကို အပြောသက်သက်ဖြင့်လည်း လုပ်၍မရပေ။ အပြုသဘောဆောင်မှုတွေလည်း လိုပါသည်။ တိုင်းပြည်တစ်ပြည်၏ အပြောင်းအလဲဆိုသည်က သူ့အတိုင်း ပြောင်းလဲမည်မဟုတ်။ ပြည်သူတစ်ရပ်လုံး၏ ကာယ ဥာဏအားတွေ မပါဘဲနှင့် တိုင်းပြည်ပြောင်းဖို့ မလွယ်ကူပေ။ တိုင်းပြည်ပြောင်းလဲဖို့ ကောင်းစားကြဖို့ ဆိုသည် အစိုးရတစ်ခုတည်း တာဝန်ရှိ၍ မရပေ။ မှီတင်းနေထိုင်သော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စိတ်ဓာတ် အပြောင်းအလဲဖြစ်ဖို့ အများကြီးလိုပါသည်။
 
တိုင်းပြည်အတွင် ဆိုလျှင် အစိုးရလည်း ကောင်းရမည်။ ပြည်သူကလည်း ကောင်းမှရမည်။ တိုင်းပြည်အတွက် ထိုင်ကြည့်နေ၍ မရ။ ဘေးကရပ်ကြည့်နေ၍ မရ။ တတ်နိုင်သည့် နေရာ၊ တစ်ထောင့်တစ်နေရာမှနေ၍ ၀ိုင်းဝန်းကူပံ့ဖို့လိုပါသည်။ ငါနှင့်ဆိုင်ဟု သဘောထားနေ၍မရပါ။ အရွေ့တစ်ခု ရောက်အောင် ၀ိုင်းတွန်းဖို့လိုပါသည်။ အပြစ်ပြော၍ ရပ်ကြည့်နေလို့မရပါ။ သည်အရွေ့တွင် ကိုယ်လည်း ပါနေသည်လေ။
 
ကြားဖူးခဲ့သည်က အလုပ်တွင် သဘောတရားတစ်ခုတည်း အားကိုးနေ၍မရ။ လက်တွေ့လည်း ဆောင်ရမည်။ လက်တွေ့မပါသော သဘောတရားသည် အမြုံနှင့်တူ၍ သဘောတရားမပါသော လက်တွေ့သည်လည်း အကန်းဖြစ်ပေသည်ဟု ဆိုသည်။ ပြည်သူနှင့် အစိုးရတစ်သားတည်းကျဖို့ ဆိုသည်က လက်တွဲဖို့လိုသည်။ ညီညွတ်ဖို့ လိုသည်။ စည်းလုံးဖို့လိုသည်။ တိုင်းရင်းသား အချင်းချင်းရော၊ ပြည်သူများရော နားလည်မှုနှင့် ပေါင်းစပ်ဖို့လိုလေသည်။ သူတစ်လူငါတစ်မင်း စိတ်နဲ့ အရာရာ ငါတကောကော၍ သွားလို့မရပါချေ။
 
ညီညွတ်မှရမည်၊ စည်းလုံးမှရမည်၊ ငြိမ်းချမ်းအောင် တည်ဆောက်နိုင်မှ ရမည်။ အရေးကြီးဆုံးကတော့ တိုင်းပြည်ကောင်းအောင် တကယ်ဆောင်ရွက်ချင်ကြသည် ဆိုလျှင် မိမိတို့ရင်ထဲက အရိုးစွဲနေသော အတွင်းစိတ်ဓာတ်များကိုလည်း ပြုပြင်ပြောင်းလဲနိုင်မှသာ ရနိုင်ပါလိမ့်မည်ဟု တွေးမိလိုက်ပါတော့သည်။
 
လင်းသက်ခိုင်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.