အစီးအနင်းများ // ရွှေဒါးမောင်လေးရည် //

တစ်နေ့တစ်နေ့
ခေါင်းပြားအောင် အိပ်နိုင်ဖို့ဆိုတာက
အကြောင်းအပေါင်းသင့်ဖို့ သိပ်အရေးကြီးတယ်
ဒီကနေ့ခေတ်ကြီးက
ကိုယ့်အရိပ်ကိုယ်တောင် လွတ်အောင်ရှောင်နိုင်မှ တန်ကာကျတယ်
ဆွေမျိုးသားချင်းမို့
သွေးရင်းသားရင်းမို့
အကြွင်းမဲ့မယုံလိုက်လေနဲ့
အခန်းဆက်တွေနဲ့ ရှုပ်လာလိုက်မဲ့အမျိုး
ပြောမပြောချင်ဘူး
ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံလေနဲ့ဆိုတဲ့ခေတ်
ကိုယ့်အိမ်ကိုယ်ရာထဲဆိုပြီးတော့များ
သတိကိုလက်ကချမထားလေနဲ့
ပုတီးလက်က မချသလို
သတိကိုလည်း လက်ကမလွှတ်လိုက်နဲ့ … အေ
သတိဆိုတာ ပိုတယ်မရှိဘူး၊ ပြောပြောနေတာ အလကားတော့ မဟုတ်ဘူးနော်
ကိုယ့်သွေး ကိုယ့်သားထဲကပဲ
လစ်ရင်လစ်သလို အသားထဲကထွက်လာတတ်တဲ့ လောက်ကောင်တွေလေ
လူကုန်ကူးမှုတွေနဲ့ အဓမ္မမှုတွေနဲ့
လူကိုယုံမိလို့ ယုံမိတာမှားပြီဆိုတာတွေ ကြုံရတာပဲ
ဒါကြောင့်လဲ
သောကတွေ … ဒုက္ခတွေ … ဖိစီးမှုတွေနဲ့ …
 
လူသားတစ်ယောက်အဖြစ် ရပ်တည်တော့မည်ဆိုလျှင် အပူအပင်ကင်းကင်း စိုးရိမ်ကြောင့်ကြမှု ရှင်းရှင်းဖြင့် ရှင်သန်လှုပ်ရှားနိုင်ဖို့ လိုပေသည်။ စိုးရိမ်ပူပန်မှုဆိုသည့် အမှောင့်ပယောဂကင်းစွာ ရုန်းကန်မှုပြုနိုင်ပါမှ ဘ၀၏တက်လမ်းဆီသို့ အနှောင့်အယှက်ကင်းစွာ ကမ်းကပ်ရောက်ရှိနိုင်ပေမည်။ သို့မဟုတ်ပါပဲ ချီတက်ရာလမ်းကြောင်း တစ်လျှောက် ဆူးညှောင့်ခုလတ်တံသင်းသဖွယ် အခက်အခဲ အဆီးအတား ပေါင်းစုံနှင့် တိုးတိုက်ရင်ဆိုင်နေရသမျှ စိတ်ဖိစီးမှုများ စိုးရိမ်သောကများဖြင့် ဒုက္ခပွေကာ ရှေ့ခရီးအတွက် အဆီးအတားများသာ ဖြစ်ပေသည်။ စိတ္တဒုက္ခနှင့် ကာယဒုက္ခဟူ၍ နှစ်မျိုးရှိပေသည်။ ကာယဒုက္ခအတွက် ဖြေရှင်းဖို့နည်းလမ်းက မခက်ခဲလှသော်လည်း စိတ္တဒုက္ခဆိုသည့် နှလုံးသည်းပွတ် ထိတိုင် ဦးနှောက်အတွင်းသားသို့တိုင် ၀င်ရောက်စိုက်နစ်လျက်ရှိသည့် အတွင်းခံစားမှု သောကကိုတော့ ဖြေရှင်းဖို့ နည်းလမ်းများက ပြောသလောက် မလွယ်ကူလှပါဟူ၍သာ ဆိုရပါမည်။
 
မျက်မှောက်ရက်စွဲများက အနိဋ္ဌာရုံအပေါင်းနှင့် ဖိစီးလျက်ရှိသည်မှာ အထူးပြုဖြေဖို့မလိုပါ။ ဘယ်အရာကိုမှ လျှော့၍တွက်မရဘဲ ကိုယ့်ဘက်က အမြဲသတိကပ်၍ ထားသည့်တိုင် မမျှော်လင့်သည့် ထောင့်တစ်ထောင့်ဆီမှ အလစ်အငိုက်ဖမ်းသည့်နှယ် ၀င်ရောက်လာတတ်သည့် ပြသ၁နာတို့က အပုံအပြင်။ ဒီအပေါ် လက်ရှိကာလ စာနယ်ဇင်းလောကသား တို့အနေဖြင့် တာဝန်ကျေကြပါသည်။ ကာတွန်းဆရာတို့၏ တင်ပြချက်တို့မှာ ထိမိလှပြီး လိုအပ်ချက် လစ်ဟာကွက်များအား အချိန်နှင့်တစ်ပြေးညီ စာမျက်နှာပေါ်အရောက် တင်ပြနိုင်ကြသဖြင့်လည်း လက်ကမ်း ကြိုလင့်မိပါသည်။
 
ဒီကနေ့ သတင်းစာ စာမျက်နှာပေါ်၌ ဓားမြှောင်နှစ်ချောင်းကို တစ်ယောက်တစ်ချောင်းစီ ကိုင်ထားကြပြီး ၄င်းတို့ပြောစကားများက `ဓားပြမတိုက်ခင် မိတ်ကပ်တွေ လိမ်းလှချည့်လား´ ဟု တစ်ယောက်က မေးခွန်းထုတ်ခဲ့ပြီး ဓားမြှောင်ကိုင်ထားသူ နောက်တစ်ယောက်က `စီစီတီဗီရှေ့မှာ တိုက်ရမှာကွ´ ဟူ၍ ပြန်ဖြေခဲ့ပုံ ကာတွန်ကွက်ကလေးကို ဖတ်ရှုလိုက်ရခြင်းဖြင့် ဒီကနေ့မှာ အကြမ်းဖက် လုယက်မှုများ တစ်နေ့ထက်တစ်နေ့ များပြားလာပုံနှင့်အတူ ခင်ဗျားတို့တွေ ဘယ်လောက်ပဲ ပြောနေပြောနေ ကျုပ်တို့ကတော့ အေးဆေးဆိုကာ မိတ်ကပ်များပင် လိမ်းနိုင်သေးတယ်လို့ လှောင်ပြောင်သရော်ထားပုံကလေးမှာ လက်ရှိပုံရိပ်များအပေါ် ကွက်တိညွှန်ပြနိုင်ပေရာ တာဝန်ရှိသူတို့ သတိမူဖို့ကောင်းလှပါသည်။
 
ဒီထောင့်က ဖိနှိပ်လိုက်၊ ဟိုထောင့်က ကြွတက်လာလိုက်ဖြင့် ဖုံးမနိုင် ဖိ၍မရ ဖြေရှင်းရမည့် ကိစ္စများက အမြဲပင် စိန်ခေါ်လျက်ရှိ ရှိပေသည်။ နေ့ခင်းဘက် လင်းလင်းကျင်းကျင်း အချိန်မှာပင် လမ်းဘေးဆိုင်ခန်းတွင်း ၀င်ရောက်၍ လက်သည်းညှပ်မှ ပူးတွဲပါရှိသည့် ဓားကလေးမျှနှင့်ပင် တေ့ထောက်၍ လုယက်သည့် သတင်းမှစကာ အဓမ္မလုယက်မှု ငွေလဲကောင်တာထဲ ၀င်ရောက်ကာ သေနတ်ပြ ခြိမ်းခြောက်လုယက်မှုများက မကြားချင် မမြင်ချင် နားထဲမျက်စိထဲ တိုးဝင်ပူးသတ်လျက် ရှိနေသည်မှာ အားလုံးအသိပင်။ နားဆင်ကြည့်ပါ။ ပြီးခဲ့သည့်လ နိုဝင်ဘာအတွင်းက တစ်နိုင်ငံလုံးတွင် လူသတ်မှု ၁၁၉ မှုနှင့် မုဒိမ်းမှု ၁၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်၌ ဖော်ပြခဲ့သည်။ အမှုကြီး ၁၀ မျိုး၌ မုဒိမ်းမှုက စံချိန်တင်များခဲ့ကြောင်းလည်း တွေ့နိုင်ပါသည်။ ဒီတော့ ကျွန်တော်တို့ မိဘများအဖို့ အဘယ်သို့လျှင် စိတ်လက်အေးချမ်းစွာ ရှာဖွေစားသောက် နိုင်ကြပါမလဲ။
 
အလုပ်သွား အလုပ်ပြန် မိန်းကလေးများအား ခိုးယူပေါင်းသင်းကာ နှိပ်စက်ညှဉ်းပမ်းခြင်း အသိအကျွမ်း မိသားစုတို့၏ အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များအား အဓမ္မကျူးလွန်ခြင်း အစဖျောက်သည်အထိ လုပ်ရပ်အပေါင်းတို့ဖြင့် လူ့ဘောင် အဖွဲ့အစည်းအပေါ် အရုပ်ဆိုး အကျည်းတန်စွာ ဒုက္ခပေး အနှောင့်အယှက် ပြုလာမှုများကာ ဒီရေအလား တိုးပွားလာသည်မှာလည်း အားလုံးသိနေကြရသည်။ ဒီကြားထဲ အိမ်နီးချင်း မကောင်း နိုင်ငံသားတို့က ကျွန်တော်တို့၏ ရင်သွေးသမီးငယ်ရွယ် လတ် ကြီး အားလုံးတို့အား သူတို့၏ အာသာရမ္မက်များ ဖြေလျှော့ရန် လူကုန်ကူးမှုမျိုးစုံဖြင့် ဒုက္ခပေးနေပုံများကလည်း အပါအ၀င် ဖြစ်၍နေပေသည်။ တားဆီးမှု နှိပ်ကွပ်မှုတို့ဖြင့် ဖြေရှင်းလျက်ရှိသည့်တိုင် သရုပ်ပျက်မှုအပေါင်းက ပန်းပန်ဆဲပင်။
 
တရုတ်မယားအဖြစ် အဓမ္မစေခိုင်းသည့် လူကုန်ကူးခံရမှု များပြားနေပြီး ၁၁ လအတွင်း တစ်နိုင်ငံလုံးတွင် လူကုန်ကူးခံရသူ ၂၈၇ ဦးအနက် ၄၃ ဦး ကယ်ဆယ်နိုင်ခြင်း မရှိသေးဆိုသော သတင်းမျိုးက သက်သေပြုနေပေသည်။ ၄င်းတို့အနက် တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် အဓမ္မ လက်ထပ်စေရန် လူကုန်ကူးခံရမှုက အများဆုံးဖြစ်ပြီး အမှု ၇၀ ကျော်ရှိပေသည်။ အဓမ္မပြည့်တန်ဆာ စေခိုင်းရန်၊ မွေးစားရန် အကြောင်းပြချက်ဖြင့် လူကုန်ကူးခံရမှုများလည်း ပါဝင်ခဲ့သည်။ ပြည်နယ် တိုင်းအလိုက် လူကုန်ကူးခံရမှု စာရင်း၌ ရှမ်းပြည်နယ် ၄၂ မှု၊ ရန်ကုန်တိုင်း ၂၁ မှု၊ ကချင်ပြည်နယ် ၁၁ မှု၊ ဧရာဝတီတိုင်း ၁၀ မှု၊ မန္တလေးတိုင်း ၉ မှု၊ ရခိုင်ပြည်နယ် ၈ မှု၊ မွန်ပြည်နယ် ၆ မှု၊ ကရင်ပြည်နယ် ၅ မှု၊ မကွေးတိုင်း ၃ မှု၊ စစ်ကိုင်းတိုင်း ၂ မှု၊ ပဲခူးနှင့် တနင်္သာရီ ၁ မှုစီနှင့် ချင်းနှင့်ကယားပြည်နယ် များ၌ ဖြစ်ပွားမှုမရှိခဲ့ကြောင်း သတင်းများ၌ ဖော်ပြခဲ့သည်။
 
ထိုအဆိုးဖြစ်ရပ်များထက် ပို၍ဆိုးရွားနေသည့် ဖြစ်ရပ်များကာ မိမိအိုးအိမ်ပိုင်နက်ထဲမှာပင် ၀င်ရောက် သတ်ဖြတ်ခြင်းခံနေရသည့် မြင်ကွင်းများပင် ဖြစ်သည်။ ကန်တော်လေးဘက်က သက်ကြီးရွယ်အို အဒေါ်ကြီးတစ်ဦး၊ ကျောက်မြောင်းဘက်က ဒေါ်ကြီးနှစ်ဦး စသဖြင့် ကြိုကြားကြိုကြား ဆိုသလို လူသတ်မှုဖြစ်စဉ်များနှင့် ကျူးလွန်သူ တရားခံများ ဖမ်းဆီးရမိမှု မရှိသေးသည့် ဖြစ်ရပ်များက လူ့ဝန်းကျင်အား ခြောက်လှန့်ဖိစီးနေသည်မှာ ထင်ရှားလှသည်။ တလောဆီက မင်္ဂလာဒုံမှ လေးလောင်ပြိုင်အသတ်ခံရသည့် ကိစ္စသည်လည်း ယနေ့ထက်တိုင် အသံတိတ်ဇာတ်လမ်းများ ဖြစ်နေသည်မှာ ကျွန်တော်တို့အဖို့ အဘယ်သူ့ထံ တိုးလျှိုးတောင်းပန်ကာ အကာအကွယ် ပြုပေးပါမည့်အကြောင်း အသနားခံရပါအံ့။
 
ထိုကဲ့သို့သော ဖိစီးမှုပုံစံမျိုးစုံကြောင့် ကျွန်တော်တို့တွေ ဦးနှောက်စားနေစဉ်မှာပင် သတင်းထောက်တစ်ဦး သစ်မှောင်ခိုကိစ္စများအတွက် သတင်းလိုက်စဉ် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ထိုသတင်းတစ်ပုဒ်ကြောင့် စိုးရိမ်နေရမှုများမှသည် ကြောက်လန့်ရွံ့စိုးဖွယ် အခြေအနေတစ်ခုသို့တိုင် ဒီရေမြင်သစ်ခဲ့ရပေသည်။ ထိုဖြစ်စဉ်မျိုးက ယခုမှစတင်ခဲ့သည် မဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကလည်း မြန်မာသတင်းထောက် ကိုအောင်ကျော်နိုင် မြန်မာ-ထိုင်း နယ်စပ်၌ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၏ တိုက်ပွဲသတင်းရယူစဉ် ဖမ်းဆီးခံခဲ့ရပြီး သတ်ဖြတ်ခြင်း ခံရဖူးသည်။ ထိုဖြစ်စဉ်များအား ကျွန်တော်တို့အတွက် မလုံမခြုံတွေ့ကြုံ ခံစားနေရမှုများအပေါ် ရိုးရှင်းစွာ မီးမောင်းထိုးပြလိုက်ခြင်းသာ ဖြစ်ပေသည်။
 
ယခုဖြစ်စဉ်နှင့် ဆက်စပ်၌ မြန်မာစာနယ်ဇင်း ကောင်စီမှ ဦးဇေယျာလှိုင်က ပြောကြားရာ၌ `ဒါဟာ ၁၉၉၉ ခုနောက်ပိုင်း ပဉ္စမမြောက် ဂျာနယ်လစ် အသတ်ခံရမှုပါ။ အစိုးရအနေနဲ့ ပြစ်မှုကျူးလွန်သူတွေ အပြစ်ပေးအရေးယူ မခံရတာမျိုး မရှိရအောင် သေချာစေဖို့ လိုအပ်ပြီး တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်သင့်ပါတယ်´ လို့ ဆိုပါသည်။ ယခင်ကာလတစ်ခုဆီကလည်း ဂျာနယ်လစ်တစ်ဦး သစ်မှောင်ခိုမှုအတွက် သတင်းလိုက်စဉ် ခြိမ်းခြောက်မှုခံခဲ့ရပြီး ရှောင်တိမ်းနေထိုင်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးပြီး ထိုဖြစ်စဉ်အတွက်လည်း `အခြားဂျာနယ်လစ်တစ်ဦး သည်လည်း သစ်မှောင်ခိုမှုများကို သတင်းရယူမှုနှင့် ပတ်သက်၍ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ဖြစ်ပွားခဲ့သော်လည်း ဒေသခံ ရဲတပ်ဖွဲ့က အရေးယူရန် ပျက်ကွက်ခဲ့သည်ဟုလည်း စာနယ်ဇင်းကောင်စီက ပြောကြားခဲ့သည်။
 
ယခင်လအတွင်း ယူနက်စကိုက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တစ်ရပ်၌ ဂျာနယ်လစ်များအပေါ် ကျူးလွန်မှုများ အားလုံးသည် အပြစ်ပေးအရေးယူခြင်း မခံရဘဲ ပြီးဆုံးသွားခဲ့မှုကာ ဂျာနယ်လစ်များ၏ လုံခြုံရေး အာမခံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အရေးကြီးဆုံး ခြေလှမ်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ဂျာနယ်လစ် အသတ်ခံရမှုနှင့် ပတ်သက်၍ မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူး သိန်းဆွေမြင့်က `လက်ရှိအချန်မှာတော့ အဓိကပါဝင်ပတ်သက်သူတွေ ကျူးလွန်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်´ လို့ ဆိုပါတယ်။ ရဲမှူး၏ နှုတ်ထွက်စကားများကို ကြိုဆိုပါသည်။ ကြိုဆိုရကျိုးနပ်ဖို့ အတွက်လည်း ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါသည်။ သို့မှသာ စာနယ်ဇင်းသမား ဂျာနယ်လစ်များအပေါ် ကျူးကျော်တိုက်ခိုက်မှုများမှ သက်သာမည်မို့ပါ။ သို့ပါသော်လည်း ဂျာနယ်လစ်များမှ မဟုတ်ပါ ယနေ့ကာလ ပြည်သူအားလုံးတို့ စိုးရိမ်ပူပန်နေကြရသည့် မလုံခြုံမှု၊ ကျူးကျော် စော်ကားခံရမှု အပေါင်းတို့ဖြင့် မသက်မသာရှိလှပါသည်။ ကိုယ့်အိမ်ကိုယ့်ရာ အတွင်းမှာမို့ သတိလက်လွတ် မနေလိုက်မိနှင့်။ သတိတစ်ချက် လစ်လိုက်မိသည်နှင့် အသက်ကိုပင် ဆုံးရှုံးကွယ်ပျောက်သွားနိုင်သည့် အတွက်ကြောင့်ပင်။ ကျွန်တော်တို့အားလုံး အတွက် လုံခြုံမှု ကာကွယ်မှုများ ပေးစွမ်းနိုင်မည့် ဥပဒေလက်တံရှည်ရှည်ဖြင့် အိပ်ရေး၀၀ သောကရှင်းရှင်းနှင့် အိပ်စက်နိုင်သည်ထိ လုံခြုံမှုများ ဖန်တီးပေးနိုင်ပါမည့် အကြောင်း ခေါင်းလောင်းထိုးလိုက်ရပေသည်။
 
ရွှေဒါးမောင်လေးရည်
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.