အစိုးရသစ်တစ်ဂိုး အဖျက်သမားတွေဂိုးမရှိ || ဂျေလှသင် ||

ကိုယ့်နိုင်ငံအကြောင်း ကိုယ်ပြောမှာများ ဘောလုံးပွဲနဲ့ နှိုင်းစရာလား လို့တော့ အပြစ်တင်မစောစေချင်ပါ ဘူး။ စာဖတ်သူတွေကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်စေ့ချင်တဲ့ စေတနာပါ။ ဘောလုံးပွဲပြိုင်တွေ ကြည့်တဲ့အခါ အနိုင်ရတဲ့ အသင်းဆိုတာ တစ်သင်းလုံးရဲ့ စွမ်းရည်ကို ဂရုတစိုက်မြှင့်ထားနိုင်တဲ့ အသင်းမျိုးဆိုတာ တွေ့ကြမှာပါ။ အဲဒီလို အသင်းမျိုးကသာ ပြိုင်ပွဲစကတည်းကနေ ပွဲပြီးတဲ့အထိ ကစားကွက် အသာစီးနဲ့ တစ်ဖက်ပြိုင်ဘက် အသင်းကို ကွင်းထဲမှာ ရူးနေအောင် မွှေနှောက်ပြီး ဂိုးတွေတစ်လုံးပြီးတစ်လုံး သွင်းယူအောင် ပွဲခံနိုင်တယ် ဆိုတာ ဘောလုံး ၀ါသနာရှင်တွေ အသိဆုံးပါ။ ဒါပေမဲ့ ခြေသိပ်မကွာတဲ့ အသင်းနှစ်သင်း တွေ့ကြပြီဆိုရင်တော့ အိမ်ကွင်းလား အဝေးကွင်းလား ဆိုတဲ့အပေါ်မှာ ပွဲရလဒ်က ပြောင်းသွားတတ်ပါတယ်။ ပရိသတ်ရဲ့ အားပေးသံဟာ အားကစား သမားတွေအတွက် အနှိုင်းမဲ့အားဆေးပါ။
 
မြန်မာ့နိုင်ငံရေးအကြောင်းကို ဘောလုံးပွဲနဲ့ ယှဉ်ပြီးစဉ်းစားမိတာကလည်း အကြောင်းရှိပါတယ်။ အခုရက်ပိုင်းလေးတင် ပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌ နေရာပေးခံထားရတဲ့ ပုဂ္ဂိုလ်က NLD ပါတီနဲ့ သူတို့ပါတီပြိုင်မလား ဘာလား ဆိုပြီး ကလေးကလား စကားတွေပြောတာ ဖတ်လိုက်ရလို့ပါ။ ကျွန်မပြောခဲ့တာ ရှင်းပါတယ်နော်။ အရည်အချင်းရှိလို့ ဥက္ကဋ္ဌနေရာ ရလာသူ၊ ကိုယ့်ပါတီဝင် တွေရဲ့ တစ်ခဲနက် ထောက်ခံမှုကြောင့် ဥက္ကဋ္ဌ နေရာ ရောက်လာသူ မဟုတ်တဲ့ ဥက္ကဋ္ဌနေရာ ပေးခံ ထားရသူ ဆိုတာလေ။ သူတို့ပါတီဟာ စစ်ယူနီဖောင်းချွတ်ပြီး တိုက်ပုံအဖြူကောက် စွပ်ထားသူတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တာကြောင့် ဘယ်အရာမဆို အမိန့်ပေးမှလုပ်ကြရတယ်။ အမိန့်မပေးရင် အမိန့်မရရင် ထိုင်ခုံမှာ ထိုင်နေရာက မတ်တတ်တောင်ရပ်ခွင့် မရှိကြဘူး။ ဒါပေမဲ့ အထက် ဆရာကြီးက အမိန့်ပေးပြီ ဆိုရင်လည်း ရန်သူတွေ ပြည်သူတွေ သူပုန်တွေ ဘုန်းကြီးတွေ နားမလည်ဘူး သေနတ် ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်ဆိုတဲ့ မူကိုလက်ဆင့်ကမ်းအမွေ ဆက်ခံကြသူ အင်မတန် အမိန့်နာခံတတ်သူတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပါတီဖြစ်တာကြောင့် ဥက္ကဋ္ဌ ဆိုတဲ့ ရာထူးကလည်း ရာထားပြီးသားလူပဲ လုပ်ရတာ။
 
ဒီမိုကရေစီစနစ်ဆီ ချီတက်နေပါတယ် လို့ ပါးစပ်က ကြက်တူရွေး စာအံသလိုပြောနေပြီး တကယ့် လက်တွေ့မှာတော့ ညလူခြေတိတ်ချိန် မီဒီယာတွေအလစ်မှာ ဥက္ကဋ္ဌဟောင်းကို ဖြုတ်ချ ဥက္ကဋ္ဌ အသစ်တင်၊ ပါတီကို အာဏာသိမ်းတဲ့ ပါတီကြီးဆိုပါတော့။ ပြည်သူတွေ နာမည်ပေး ထားသလို နောက်ကွယ်က လက်မည်းကြီး ပင်စင်မယူခင် ဇာတ်ညွှန်း ရေးပေးခဲ့တဲ့ ဥက္ကဋ္ဌက ကြိုးဆွဲရာမက တော့ဘဲ ကြိုး ဆွဲလို့ မကောင်း တော့တဲ့အတွက် နောက်ရုပ်သေး ရုပ်တစ်ရုပ်ကို ပြောင်းသုံးတယ် ဆိုပါတော့။ အဲဒီလိုပြည်သူ့ သဘောထားနဲ့ ကင်းကွာနေတဲ့ ပါတီကြီးတစ်ခုရဲ့ ဥက္ကဋ္ဌက ပြည်သူတွေ အုံးအုံးထ ထောက်ခံ အားပေးပြီး လူထု အကြိုက်ရွေးကောက် တင်မြှောက်ထားတဲ့ NLD အစိုးရကို ပြိုင်ချင်တယ် ဆိုတော့ မေးလိုက်ချင်တယ်။ နိုင်ငံရေး ကို အခုထိ ကစားစရာထင်နေတုန်းပဲလား လို့လေ။
 
စစ်တပ်သုံးစကားနဲ့ ပြောရရင်တော့ မြေပြင်အခြေအနေကို သေသေချာချာ မလေ့လာဘဲ ဗျူဟာတွေ ချမှတ်နေကြတဲ့ သဘောပေါ့။ ပြည်သူ မထောက်ခံလို့ ပြုတ်ကျသွားပြီးပြီ။ ဒါလည်း မြေပြင်အခြေအနေကို အမှန်အတိုင်း မသိကြသေးဘူး။ သိအောင်လည်း မကြိုးစားကြဘူး။ ခက်တော့ခက်နေပြီ ဆိုပါတော့။ ဘာကိုခက်နေတာလဲ ဆိုတော့ မနိုင်နိုင်တာကြီးကို အတင်းပြိုင်ချင်နေကြတာကိုး ။
 
သူကသာပြောနေတာ ကျွန်မတို့ အစိုးရခမျာ ယားလို့တောင် မကုတ်အားဘူး။ အဲဒီပြောတဲ့သူတွေပဲ တိုင်း ပြည်ကြီးကို ကုပ်ခွပြီးပြီး ထင်တိုင်းကြဲဖွထားခဲ့တဲ့ အရှုပ်ထုပ်တွေကို NLD အစိုးရက ခေါင်းခံရှင်းနေရလို့ လုံဝ မအား။ သူတို့ ပေါက်ပန်းလေးဆယ် ပြောသမျှ စကားတွေကို ပြန်ကိုမတုံ့ပြန်အားတာ။ NLD ရဲ့ဖိုက်တာကြီး ဘဘဦးဝင်းထိန်ကတော့ ပြောဖူးသား။ နိုင်ငံရေး အစဉ်အလာဘာမှ မရှိပါဘူးတဲ့။ ဘထိန်ပြောတာပါ။ ကျွန်မတို့ ကတော့ မသိပါဘူး။ မသိဆို အခုမှ သူ့နာမည်ကြားဖူး၊ လူလည်း အခုမှမြင်ဖူးတာကိုး။ အခုသူပြောတဲ့ စကားကိုပဲပြန် ပြောချင်တာပါ။ NLD အစိုးရနဲ့ သူတို့အစိုးရ ပြိုင်မလား ဆိုတဲ့မေးခွန်းကို သူကမေးရုံရှိသေး အစိုးရသစ်က သူတို့ကို တစ်ဂိုးသွင်းထည့်လိုက်ပြီလေ။
 
စာဖတ်ပရိသတ်ကြီး မြင်လိုက်ကြမှာပါ။ နိုဝင်ဘာ၂၁ ရက်နေ့ထုတ် သတင်းစာတွေမှာ ပါလာတဲ့သတင်း တိုင်းပြည်ပုံရိပ်၊ နိုင်ငံတော် အတိုင်ပင်ခံပုံရိပ်ကို ပြန်လည်မြင့်တက်စေတဲ့သတင်း“ မြန်မာ့ဒီမို ကရေစီပြုပြင် ပြောင်းလဲရေး အီးယူ ဆက်လက်ထောက်ခံမည်” ဆိုတာလေ။ အီးယူထိပ်တန်း သံတမန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလီ အရေးဆွေးနွေးမှုတွေကို အားတက်မိတယ် ဆိုတဲ့ မှတ်ချက်ဟာ သြဂုတ်လ ၂၅ ရက်နေ့ ကစခဲ့တဲ့ ရခိုင်အရေး အတွက် နည်းနည်း အသက်ရှူချောင်သွား စေပါတယ်။ ဒီထက်ပိုပြီး တိုင်းပြည်အတွက် ကောင်းမွန်တဲ့ သံတမန် အခင်းအကျင်းတွေနဲ့ ကမ္ဘာကြီးကို ကျွန်မတို့ ခေါင်းဆောင်က အလင်းပြနိင်ခဲ့ပါသေးတယ်။
 
နိုဝင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာ နိင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
 
“ကျွန်မတို့ ဒီကနေ့ကမ္ဘာမှာ မတည်ငြိမ်၊ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ခြိမ်းခြောက်မှုတွေ၊ အရေးပေါ်ကိစ္စ ဖြစ်လာပါတယ်။ တရားမ၀င်နိုင်ငံပြောင်းရွှေ့ မှုတွေ၊ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေ ပျံ့နှံ့နေတယ်။ လူမှုအသိုင်းအ၀ိုင်းတွေကြား သဘောထား ကွဲမှုတွေ ရှိနေတဲ့ အပြင် နျူကလီးယားခြိမ်းခြောက်မှု အန္တရာယ်တောင် ရှိနေပါတယ်။
 
လူမှုအသိုင်းအ၀ိုင်းတွေရဲ့ ပဋိပက္ခတွေဟာ ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျစေပြီး ဆင်းရဲမွဲတေမှုကို ဖြစ်စေပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် နိုင်ငံတစ်ခုနဲ့ တစ်ခုကိုတောင် ဝေးကွာသွားစေပါတယ်။ ပဋိပက္ခတွေ ၊ မတည်ငြိမ်မှုတွေ ရှိနေတဲ့ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတော်တော်များများမှာ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည် အရိပ်မည်းကြီး ရှိနေပါတယ်။ ငြိမ်းချမ်းမှုမရှိဘဲ ရေရှည်ခိုင်မာတဲ့ တိုးတက်မှုနဲ့ သာယာဝပြောမှုတို့ မရရှိနိုင်ပါဘူး” တဲ့။
 
ဘယ်လောက်များ လှလိုက်တဲ့ ဂိုးလဲ။ လှလှပပလေးဝိုက်ပြီး ကန်သွင်းလိုက်တဲ့ ဂိုး။ မြန်မာနိုင်ငံကြီး အတွက် အဖိုးတန်ရွှေဂိုး။ အဝေးကွင်းကို သွားမကန်ဘဲ အိမ်ကွင်းမှာ ကိုယ့်ပရိသတ် အပြည့်နဲ့ အနိုင်ယူတဲ့ ဂိုး။
 
ဒါကြောင့်လည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ အဘဟံသာဝတီ ဦးဝင်းတင်က ပြောသွားခဲ့တာ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးနဲ့ နှိုင်းယှဉ်ရင် ငါတောင် မူကြိုအဆင့်ပဲရှိသေးတာ။ သူ့နိုင်ငံရေး ကို သွားခန့်မှန်းရင် မင်းရူးသွားမှာပေါ့” တဲ့။ ခိုးဝင်ဘင်္ဂလီတွေ ရခိုင်ကို ဘယ်လိုနည်းနဲ့ ရောက်လာသလဲ အဲဒါ နယ်ချဲ့ အင်္ဂလိပ်ရေးခဲ့တဲ့ သမိုင်း။ အဲဒီဘင်္ဂလီတွေ ၁၉၅၈ မှာ ဘာကြောင့် မဲဝင်ပေးခဲ့ကြသလဲ။ အဲဒါဦးနုရဲ့ ဖဆပလအစိုးရ ရေးခဲ့တဲ့ သမိုင်း။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဘင်္ဂလီတွေ ဘာကြောင့် ရွေးကောက်ခံ အမတ်ဖြစ်ပြီး လွှတ်တော်ထဲ ၀င်လာသလဲ။ အဲဒါက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဦးသိန်းစိန်အစိုးရရေးခဲ့တဲ့ သမိုင်း။ အဲဒီလို ခေတ်အဆက်ဆက် မကောင်းခဲ့တဲ့ သမိုင်းတွေကြောင့် ရခိုင်တိုင်းရင်းသားတွေခမျာ ဘင်္ဂလီတွေရဲ့ အစော်ကားကိုခံရတယ်။
 
အခု NLD အစိုးရသစ် လက်ထက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို ကမ္ဘာ့အလယ်မှာ သူများပြောစရာ ဖြစ်အောင် ရခိုင်ပြသ၁နာကို မီးမွှေးခဲ့ကြသူတွေဟာ တိုင်းပြည်ရဲ့ အဖျက်သမားတွေပေါ့။ လက်နက် ကိုင်ထားမှ အဖျက်သမား ခေါ်တာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းအောင် လုပ်နေသူကို ဆက်လုပ်မရ အောင် အနှောင့်အယှက် ပေးရင် အဲဒါ အဖျက်သမားပဲ။ ပါတီဝင်လည်း အဖျက်စကားပြောရင် အဖျက်သမားပဲ။ မီဒီယာလည်း လူဆိုးကို လူကောင်း ဖြစ်အောင်၊ လူကောင်းကို ဆိုးလေဟန် ပုံဖော်ရင် အဖျက်သမားပဲ။ အဖျက်သမားတွေက တစ်ဖက် ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရက တစ်ဖက် ပြိုင်ကြတဲ့ပွဲမှာ အစိုးရသစ်က တစ်ဂိုးသွင်း လိုက်နိုင်ပြီ။
 
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံ ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံမဟုတ်တာက နှစ်နိုင်ငံ၊ အာဆီယံ ၁၀ နိုင်ငံ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနဲ့ ဥရောပကော်မရှင် အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၅၃ ဖွဲ့ရှိတဲ့ ASEM ရဲ့ အစည်းအဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံရဲ့မိန့်ခွန်းဟာ မြန်မာပြည်သူတွေရဲ့ သဘောထားကို ကမ္ဘာကြီးဆီ သတင်းစကား ပါးလိုက်ခြင်းပါ။ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်အပေါ် ကမ္ဘာ့ထိပ်သီး နိုင်ငံကြီးတွေက မကန့်ကွက်တော့တဲ့ အပြင် ထောက်ခံလာကြ ၀ိုင်းဝန်းကူညီလာကြတာ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အစည်းအဝေး ကတည်းကပါပဲ။ အစိုးရသစ် ဘာမှလုပ်မရအောင် နည်းမျိုးစုံသုံးပြီး ယုတ်မာမှုအပေါင်း သရဖူဆောင်းထားတဲ့ အဖျက်သမားတွေရဲ့ ထောင်ချောက်ကို အစိုးရသစ်က ပြည်သူလူထု အကူအညီနဲ့ လှလှပပ ကျော်ဖြတ်ပြနေပါတယ်။
 
ဘောလုံးပွဲစကားနဲ့ ပြောရရင်တော့ အစိုးရသစ်က တစ်ဂိုးအသာစီးနဲ့ ဦးဆောင်နေပါတယ်။ အဖျက်သမားတွေကတော့ ဂိုးမရသေးပါဘူး။ ကစားကွက်တွေကလည်း ပျက်စပြုနေပါပြီ။ အကွက်ဖော်မရအောင် ကစဥ့်ကလျား ဖြစ်နေတာလည်း အထင်အရှားပါပဲ။ ကစားကွက် ပျက်မယ်ဆိုလည်း ပျက်လောက်တယ်လေ။ ပရိသတ်က NLD ရဲ့ပရိသတ် ကိုယ့် ကွင်းမှာ ကိုယ့်ပရိသတ်နဲ့ ကစားနေရမှတော့ ပြီးပြီပေါ့။ အဲဒါကြောင့်ပြောတာ ပြည်သူ့အားကို လျှော့မတွက်ပါနဲ့လို့။
 
ဂျေလှသင်
The Ladies News
 

 

Vote: 
Average: 4.5 (2 votes)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.