ဆင်းရဲတွင်းကလွတ်စေဖို့ ပညာနဲ့ဝီရိယ // ဒေါက်တာခင်မောင်ညို //

ရာသီဥတု
.
နိုဝင်ဘာကိုရောက်ပြီ။ မကြာမီ ၂၀၁၇ ခု ကုန်ဆုံးတော့မည်။ သို့သော် မြန်မာပြည် နေရာအနှံ့အပြား မိုးတွေက ရွာနေဆဲ။ ဒီနှစ်မိုးရွာတာကတော့ စံတင်ရမယ်ထင်သည်။ သီတင်းကျွတ်မှာ ရပ်မယ်ထင်တာ။ မရပ်ဘူး။ ဆက်ရွာသည်။ တန်ဆောင်တိုင်မှာတော့ ရပ်မှာပေါ့။
 
ခေတ္တတော့ ရပ်ပါသည်။ သို့သော် တန်ဆောင်တိုင်လည်း ပြီးရော မိုးပြန်ရွာပါလေရော။ ဘာကြောင့်လဲဆိုတော့ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး ၀င်တာကိုး။ ကံအားလျော်စွာ ကျွန်တော်တို့ နိုင်ငံ မုန်တိုင်းကနေ လွတ်နေသေးတယ်။ ကမ္ဘာ့ရာသီဥတု ဆိုးရွာလာတာကို မျက်မြင်တွေ့နေရသည်။
 
အဓိကကတော့ ကာဗွန်လို့ပြောနေကြတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လေထဲထဲများလာလို့ပဲတဲ့။ ဂျာမနီနိုင်ငံတွေကတော့ ကာဗွန်ဒိုင်အောက် ဆိုဒ် လျော့ချရေးကို ကြိုးစားနေသည်။ ၂၀၂၀ တွင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံအားလုံးကို ရပ်ဆိုင်းပေးရန် သူတို့အစိုးရကို ဆန္ဒတွေပြနေသည်။ အစိုးရကလည်း လိုအပ်ချက်ပြည့်မီရန် အစွမ်းကုန် ကြိုးစားနေသည်။
 
အင်္ဂလန်ကလည်း သူတို့ရဲ့ကားတွေကို ကာဗွန်အမှုန်တွေ ( မီးခိုး ) မထွက်ဖို့ ကြိုးပမ်းပါသည်။ မီးခိုးပမာဏ (Particulates) တွေ လေထဲ ရောက်ရင် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ဖြစ်နိုင်တာကို သဘော ပေါက်သည်။ လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ထုတ်ရန် မဖြစ်နိုင်ပါ။ Carbon Captured လုပ်သော စနစ်သည် လက်တွေ့မဆန် ပါ။ ထို့ကြောင့် ရုပ်ကြွင်းလောင်စာများ မီးလျှို့ခြင်းမပြုရန် အတွက် ကြိုးစား လျက်ရှိကြသည်။
 
ပြန်ပြည့်မြဲစွမ်းအင် ( Renewable Energy )
.
ကမ္ဘာလောကကြီးသည် တိုးတက်လာသည်နှင့်အမျှ စက်ယန္တရားများစွာ လိုအပ်လေသည်။ ထိုစက်ယန္တရား လည်ပတ်စေရန် လျှပ်စစ်ဓာတ်လို သည်။ ထိုလျှပ်စစ်ဓာတ်ကို မရိုးကျအားဖြင့် ရုပ်ကြွင်းလောင်စာများ မီးလျှို့ခြင်းမှ ရရှိပါသည်။ သို့သော် ပြန်ပြည့်မြဲစွမ်းအင်ကို အသုံးပြုနိုင်ပါက ရုပ်ကြွင်းလောင်စာများ မီးရှို့ဖို့မလိုတော့ပေ။ ပြန်ပြည့်မြဲစွမ်းအင်များတွင် ကာဗွန်မထွက်၊ ရုပ်ကြွင်းလောင်စာများ မီးရှို့ခြင်းမပြုရသော အဏုမြူ ဓာတ်ပေါင်းဖိုများကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ ဘာကြောင့်လဲဆို တော့ အဏုမြူစွမ်းအင်သည် အန္တရာယ်ကြီးသောကြောင့် ဖြစ်သည်။
 
ယနေ့ပြသ၁နာအကြီးဆုံးမှာ တိုးပွားလာသော မော်တော်ကားများပင် ဖြစ်သည်။ ကမ္ဘာအနှံ့တွင် သန်းပေါင်းများစွာသော ကားများသည် ၂၄ နာရီလမ်းများပေါ်တွင် ရှိသည်။ သူတို့က ထုတ်လွှတ်သော ကာဗွန်များသည် ဖြေရှင်းရခက်ခဲသော ပြသ၁နာများ ဖြစ်သည်။ အထူးသဖြင့် မဂ္ဂါစစ်တီးလို့ခေါ်သော လူဦးရေ ထူထပ်သော မြို့များတွင် လေထုညစ်ညမ်းမှုဒဏ်ကို အကြီးအကျယ် ခံစားရသည်။
 
* တာယာနှင့် လမ်းပွတ်တိုက်ခြင်းမှ ထွက်သောအမှုန်
* ကားအိပ်ဇောမှ ထွက်သော မီးခိုးအမှုန်
* လောင်စာမီးလောင်၍ ထွက်လာသော ကာဗွန်ဓာတ်ငွေ့တို့သည် နေ့စဉ် ဒုက္ခပေးနေသည်သာ ဖြစ်သည်။
 
မြို့ထဲရွာထဲတွင် ဘတ္ထရီဖြင့်မောင်းနှင်သော Electric ကားများကို အသုံးပြုနိုင်ပါက လတ်တလော လေထုညစ်ညမ်းမှုကို အတော်လေး လျော့ချနိုင်မည်ဖြစ်သည်။ သို့သော် လျှပ်စစ်ကားများအတွက် လျှပ်စစ်ကို ဘယ်ကရသနည်း။ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှသာ ရပါသည်။ ထို့ကြောင့် အဆိုပါ လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ရုပ်ကြွင်းလောင်စာများကို မီးရှို့သော စက်ရုံမဖြစ်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ လျှပ်စစ်ကို ပြန်ပြည့်မြဲစွမ်းအင်မှ ရယူခြင်းကို ဆောင်ရွက်သင့်သည်။
 
တိုးတက်မှုနှင့် သဘာ၀၀န်းကျင်
.
မကြာသေးမီက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယခင် သမ္မတ အိုဘားမား လက်မှတ်ထိုးထားသော ကာဗွန်လျှော့ချရေး သဘောတူခြင်း စာချုပ် ( COP 21 ) ကို လက်မှတ်ဆက်ထိုးခြင်းမပြုဘဲ ထိုအဖွဲ့ထဲမှ နုတ်ထွက်ခဲ့သည်။ အမေရိကန်တို့သည် မိမိ၏ စီးပွားရေး တိုးတက်မှုကို အနှောင့်အယှက်ပြုသော ကိစ္စရပ်များကို အတော်လေး ဆင်ခြင်သည်။ သမ္မတ ဂျော့ဒဘလျူဘုခ်ျ လက်ထက်ကလည်း ကာဗွန်လျှော့ချခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပေ။
 
အဓိကကတော့ အမေရိကန် စီးပွားရေးသည် လျှပ်စစ်ဓာတ်ပေါ် မူတည်သည်။ ထို့အပြင် မိမိနိုင်ငံကထွက်သော ကျောက်မီးသွေးကို သုံးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးလာနိုင်မည် ဖြစ်သည်။ ဤနေရာတွင် စဉ်းစားစရာ အများကြီးဖြစ်နေသည်။ ကမ္ဘာ့ကျောက်မီးသွေး အထွက်အများဆုံးသော ဂျာမနီနိုင်ငံသည် ကျောက်မီးသွေး သုံးခြင်းကို ရပ်ဆိုင်းဖို့ဆုံးဖြတ်နေသည်။
 
တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကျောက်မီးသွေးကို ဆက်လက်သုံးစွဲနေကြသည်။ အကယ်၍ ၂၀၃၀ တွင် ကျောက်မီးသွေးများ ဆက်လက်သုံးစွဲနေပါက ကမ္ဘာ့အပူချိန်သည် ၂ ဒီဂရီပိုပြီးတက်လာမည်ဟု ခန့်မှန်းထားကြသည်။ ထိုအခါ ကမ္ဘာကြီး၏ ရာသီဥတုအခြေအနေမှာ အတော့်ကို ဆိုးရွားလာမည်ဟု ခန့်မှန်းထားကြသည်။
 
သို့သော် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့သည် စီးပွားရေးတွင် နံပါတ်တစ်နှင့်နှစ် နေရာတို့တွင် ဆက်လက် ဗိုလ်စွဲနေကာ ချမ်းသာသထက် ချမ်းသာနေဦးမည်ဖြစ်သည်။ တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုချိန်ခွင်ကို ညီမျှစေဖို့ ခက်ခဲလှသည်ကို တွေ့နေရသည်။
 
ဆင်းရဲမှုလျှော့ချရေး
.
တရုတ်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ဝန်းကျင်တွင် အငတ်ဘေးနှင့် ရင်ဆိုင်ရကာ လူသန်း ၉၀ ကျော် သေဆုံးခဲ့ရသည်။ ထို့ကြောင့် သူတို့သည် ကြိုးစားရုန်းကန်မှုကို အရေးတကြီး လိုအပ်သည်ဟု ယူဆသည်။ ယနေ့တွင် တရုတ်ပြည်တွင်း ဆင်းရဲသားလျှော့ချရေး စီမံချက်ကို လုပ်ဆောင်နေသည်။ ၂၀၁၂ ကစပြီး နှစ်စဉ် လူဦးရေ ၁၂ သန်းကျော် ဆင်းရဲတွင်းမှ ရုန်းထွက်လာနိုင်သည်ဟု ဆို၏။ ထို့ကြောင့် ယခုနှစ်အတွင်း လူဦးရေ သန်း ၆၀ ကျော် ဆင်းရဲတွင်းမှ ထွက်လာနိုင်ကြပြီဖြစ်သည်။ ထိုလူဦးရေသည် ကျွန်တော်တို့ လူဦးရေထက် ပိုပါသည်။ ကျွန်တော်တို့ နိုင်ငံသည် တရုတ်ကို နမူနာယူကာ ချမ်းသာဖို့ ကြံဆောင်လိုကြပါသည်။
 
ကြီးပွားချမ်းသာဖို့ လျှပ်စစ်ဓာတ် အဓိကလိုသည်။ ထိုလိုအပ်သော လျှပ်စစ်ဓာတ်ကို ကျွန်တော်တို့ နိုင်ငံအစိုးရက ကျောက်မီးသွေးသုံးရန် အားသန်နေကြသည်။ ဦးသိန်းစိန်အစိုးရကလည်း ထိုသို့ ကျောက်မီးသွေးသုံးရန် အားသန်ခဲ့သည်။ ကျွန်တော်တို့ နိုင်ငံတွင် သဘာဝဓာတ်ငွေ့ အလျှံအပယ် ထွက်သည်။ သို့သော် အခြေအနေအရ ဒါကို ကျွန်တော်တို့ ရောင်းစားခဲ့ရသည်။ ပြန်လည်ရယူနိုင်ခြင်း မရှိတော့။
 
ထို့ကြောင့် လျှပ်စစ်ဓာတ်အတွက် ကျောက်မီးသွေးကိုသာ သုံးလိုလာသည်။ သို့သော် ကျောက်မီးသွေး ဆိုးကျိုးများကို အများမြင်တွေ့နေသည့် ဂျာမနီလို နိုင်ငံတွေ၊ အင်္ဂလန်လို နိုင်ငံတွေက ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံတွေကို ဖျက်သိမ်းနေသည်။ သူတို့တွင် ကျောက်မီးသွေး အလျှံအပယ် ထွက်ပါသည်။ အချို့ကတော့ ပြောကြသည်။
 
`သူတို့တစ်တွေ ချမ်းသာပြီးနိုင်ငံတွေ ဖြစ်တယ်။ သူတို့က သူတို့လူမျိုးအတွက် ကျန်းမာရေးစောင့်ရှောက်တယ်´ ဒါလည်း သဘာဝကျပါတယ်။ သို့သော် ဆင်းရဲတွင်းထဲ ကျရောက်နေသည့် ကျွန်တော်တို့ နိုင်ငံကလူတွေ ထမင်းသိုးတွေ စားရမှာလား၊ ပြည့်ဖြိုးမြဲစွမ်းအင် သုံးဖို့ မစဉ်းစားတော့ဘူးလား။ သဘာဝဓာတ်ငွေ့များ ရောင်းစားမိသော အမှားမျိုး ထပ်မဖြစ်ဖို့ အရေးကြီးပါသည်။
 
ဆင်းရဲမှုလျော့ကျပြီး အလုပ်အကိုင် အခွင့်အလမ်းကော်းများကို ရရှိစေဖို့ အခြားနည်းလမ်းများ ရှိသည်ဟု ကျွန်တော်တို့ ယုံကြည်ကြသည်။
 
အော်ဂဲနစ်နှင့် သဘာဝခရီးသွား
.
ယနေ့ သဘာဝအတိုင်း စိုက်ပျိုးသော အော်ဂဲနစ်စိုက်ပျိုးရေး ( Organic Farming ) ကို စိတ်ဝင်စားကြသည်။ ရာခိုင်နှုန်းပြည့် အော်ဂဲနစ် စိုက်ပျိုးမဟုတ်ရင်တောင် တစ်ပိုင်းတစ်စ အော်ဂဲနစ်စိုက်ပျိုးရေးကို လက်ခံကြသည်။
 
အစားအသောက်များ အနေဖြင့် အသီးအရွက်များသာမက အသား၊ ငါး ၊ နို့တို့ကိုပါ အော်ဂဲနစ်ဖြစ်အောင် ထုတ်လုပ်နိုင်လျှင် ကြွယ်ဝလာပါမည်။ အထူးသဖြင့် သမရိုးကျလမ်းမှ ခွဲထွက်ကာ နည်းပညာများကို တိုးတက်ကောင်းမွန်အောင် ကြံဆောင်ဖို့ လိုပါသည်။ တက္ကနိုလိုဂျီများကို လေ့လာပြီး အရည်အသွေး မြှင့် သီးနှံသားငါးများ ထုတ်နိုင်အောင် ကြိုးစားရပါမည်။ နောက်တစ်ခုက ခရီးသွားကိစ္စဖြစ်သည်။
 
ကမ္ဘာတွင် သဘာဝအတိုင်း တည်နေသော နိုင်ငံများ နည်းလာပြီဖြစ်သည်။ ကွန်ကရိအခင်းများ အုတ်တိုက်များဖြင့် သဘာဝအလှများကို ဖျက်ဆီးလိုက်ပြီဖြစ်သည်။ သို့သော် မြန်မာပြည်လို မဖွံ့ဖြိုးသေးသော တိုင်းပြည်များတွင် သဘာဝအတိုင်း တည်နေသော ဒေသများစွာရှိသည်။ ထိုနေရာများကို ခရီးသွားများ သေဘာကျသည်။
 
ဒါကို Eco - tourism ဟု ခေါ်သည်။ Eco – tourism အတွက် ဆွဲဆောင်ရန် အစိုးရက ကူညီရန်လိုသည်။ မြန်မာနိုင်ငံသည် လူဦးရေများသော တရုတ်နှင့် အိန္ဒိယအကြားတွင် ရှိသည်။ ချမ်းသာလာသော တရုတ်တို့သည် နှစ်စဉ် ခရီးထွက်သည်။ ယခုနှစ်တွင် ပြည်ပခရီးသွားသူ တရုတ်လူမျိုး သန်း ၇၀၀ ကျော်ရှိသည်ဟု စာရင်းထဲတွင် ဖော်ပြထားသည်။
 
ထိုသန်း ၇၀၀ ၏ ၁၀ ရာခိုင်နှုန်း မြန်မာပြည်သို့ လာရောက်လျှင်ပင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမည် ဖြစ်သည်။ ထိုသို့ အော်ဂဲနစ်စိုက်ပျိုးရေးနှင့် သဘာဝခရီးသွားလုပ်ငန်းသည် အဖြေတစ်ခု ဖြစ်လာနိုင်သည်။
 
ပညာရေး
.
ကျွန်တော်တို့သည် ၂၀၁၇ ခုနှစ်တွင် အခက်အခဲများစွာ ကြုံတွေ့နေကြသည်။ တစ်ဖက်က ကမ္ဘာတွင် တက္ကနိုလိုဂျီအသစ်တွေ များစွာပေါ်ထွန်းနေသည်။ စီးပွားရေး တိုးတက်မှုတွေ အများကြီးကို မြင်တွေ့နေရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးရပ်တန့်နေသည်။
 
အင်မတန်မှ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝသော မ်ြမာနိုင်ငံသည် ဆင်းရဲနေသည်။ ဆင်းရဲခြင်းကို လွတ်မြောက်စေဖို့ အဓိကလိုအပ်သည်က ပညာရေးဖြစ်သည်။ ပညာရေး အရေးပါကြောင်းကို အင်္ဂလန်လို နိုင်ငံ အသေးလေးက စောစောစီးစီးသိရှိကာ ကမ္ဘာကိုပင် လွှမ်းမိုးခဲ့သည်။ ဥပမာ ၁၈၇၀ ခုနှစ်တွင် အင်္ဂလန်တွင် မသင်မနေရပညာရေးကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ၁၆ နှစ် (အထက်တန်း)အထိ မသင်မနေရ ပညာရေးကို ပြဋ္ဌာန်းပြန်သည်။ တကယ်တော့ ၁၉၄၄ ဆိုသည်မှာ ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်သည်။ ပညာရေးကတော့ စစ်အတွင်း ဖြစ်ဖြစ်၊ မဖြစ်ဖြစ် လိုအပ်သည်ဟု သူတို့ သဘောပေါက်ကြသည်။ တကယ်တော့ ပညာရေးအတွက် အရင်းအနှီး ကြီးလှပါသည်။ သို့သော် ထိုအရင်းအနှီးကိုတော့ ပြည်သူများ အနစ်နာခံကာ ပေးဆပ်သင့်သည်။ အထူးသဖြင့် ကျောင်းများနှင့် ပတ်သက်၍ ဗဟိုချုပ်ကိုင်မှုများကို လေ့လာသုံးသပ်မှုပြုလုပ်ရန် များစွာလိုအပ်သည်။
 
နိဂုံး
ချမ်းသာကြွယ်ဝပြီး တိုးတက်သည့် နိုင်ငံဖြစ်လိုပါသလားဟု မေးလျှင် ဖြစ်လိုပါသည်ဟု ဖြေကြမည်ဖြစ်သည်။ ထိုသို့ တိုးတက်ရန်အတွက် ဘာလိုသလဲ၊ ပညာနှင့် ၀ီရိယတို့သာ ဖြစ်သည်။ ပညာတတ်အောင် ကြိုးစားပါ၊ လေ့လာဆည်းပူပါ။ စာဖတ်ပါ။ အလုပ်ကို ကြိုးစား အားထုတ်လုပ်ကိုင်ပါ။
 
ဒေါက်တာခင်မောင်ညို
The Ladies News

 

Vote: 
Average: 5 (1 vote)
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.