ကွေးမြစ်ပေါ်က တံတား ( The Bridge on the River Kwai ) // ဒေါက်တာခင်မောင်ညို //

သြဂုတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ တောင်ဒဂုံရှိ ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်သို့ သွားရောက်ကာ ဟောပြောမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
 
ထိုဟောပြောပွဲသို့ ရုပ်ရှင်နှင့် ပတ်သက်သူများ လာရောက်နားထောင်ကြ သည်။ အဓိကအားဖြင့် ရုပ်ရှင်သင်တန်း တက်နေသူများ ဖြစ်သည်။ ကျွန်တော့်ကို ဦးကြည်စိုးထွန်း ဖိတ်ကြားသည့် အတွက် ကျွန်တော်က ဘယ်နေရာဟု မမေးလိုက်မိပါ။ စိတ်ထဲမှာ ထင်ထားတာက Laurel Art Center ဖြစ်မည်ဟု ယူဆမိပါသည်။
 
ထားပါတော့။ ဒါဟာ ကျွန်တော်တို့ မြန်မာတွေ ဖြစ်နေကျပဲ ဟု တွေးမိပါ သည်။ ကျွန်တော်တို့ မြန်မာ တော်တော်များများသည် (Take it for granted) လုပ်တတ်ကြသည်။ အတိအကျ မေးမြန်းရမှာကို ဘာမှန်း မသိဘဲ အားနာနေတတ်ကြသည်။ အမှန်တော့ ကျွန်တော်တို့ မေးမြန်းပြီး ဘာမဆို ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားသင့်သည်။
 
ကျွန်တော်သည် တက္ကသိုလ်မှာ ဆရာ ၂၆ နှစ် လုပ်ဖူးသည်ဖြစ်ရာ ကျွန်တော့် တပည့်တွေ ဘယ်လောက် အတုခိုးကြမလဲ။ မမေးမြန်းရဲ သည်ကို တစ်စုံတစ်ယောက်က အခွင့်အရေးယူသွားနိုင်သည်။ သို့တည်းမဟုတ် မိမိကိုယ်တိုင် နားမလည်ဘဲ လုပ်ကိုင်သောကြောင့် အချိန်တွေကုန် လူပန်းတာမျိုး ဖြစ်လာတတ်သည်။
 
ထို့ကြောင့် အဟဠာဝကသုတ်ထဲတွင် ဗုဒ္ဓမြတ်စွာက ပညာရရာရကြောင်း ဟောပြောရာတွင် `မေးမြန်းရမည်` ဟူသော အချက်တစ်ချက် ပါဝင်လေသည်။ အားနာတတ်သော မြန်မာတို့သည် မေးမြန်းသည်ကို အပြစ်ဟု ထင်တတ်သော လူကြီးများနှင့် တွေ့က နှုတ်ဆွံ့နေတတ် ပါသည်။
 
*** *** ***
 
ကျွန်တော် တောင်ဒဂုံကို ကိုယ်တိုင် ကားမောင်းကာ လမ်းရှာသွားသည်။ `ရှင်လမ်းမသိရင် ဌေးဌေးအောင် တို့လို ဖုန်းထဲ ရိုက်ထည့်သွားပါလား´ ဟု ဇနီးက ပြောပါသည်။
 
ဌေးဌေးအောင်ဆိုတာကတော့ ကျွန်တော့်ချွေးမ ဖြစ်သည်။ သူတို့သည် ကွန်ပျူတာ ကျွမ်းကျင်သည်။ တည်နေရာ ရှာဖွေခြင်း (GPS) ကို ကျွမ်းကျင်သည်။ ကျွန်တော်ကတော့ အဲဒါကို မလုပ်တတ်ပါ။ ဖုန်းနှင့် လမ်းကိုမေးရသည်။ တောင်မြောက် လမ်းဆုံရောက်ရင် ညာကွေ့ တန်းတန်းလာခဲ့ ဆိုင်းဘုတ်ကြီးတွေ့မှာပါဟု ဆိုကြသည်။
 
ခက်တာက တောင်မြောက်လမ်းဆုံဆိုတာကို ဆိုင်းဘုတ် မရေးထားပါ။ ဒဂုံမြို့သစ် တောင်နှင့်မြောက်ဆုံရာ မီးပွိုင့်ကို ပြောတာဖြစ်သည်။ ကျွန်တော်တို့ မြန်မာပြည်တွင် လမ်းညွှန်တွေ အတော်အားနည်းပါသည်။ ဆိုင်းဘုတ်တွေ မရှိပါ။ ကံအားလျော်စွာ ကျွန်တော် တန်းတန်းမတ်မတ် ရောက်သွားပါသည်။
 
ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံး ကံကိုယုံချင်မှ ယုံမည်ဖြစ်သော် လည်း ကျွန်တော်ကတော့ ကံကိုယုံသည်။ တစ်ခေါက်မှ မရောက်ဖူးသော နေရာကို ရုံးခန်းရှေ့ထိ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်မှာ ကံအကြောင်းတရားကြောင့်သာ ဖြစ်ပေလိမ့်မည်။ မြန်မာတွေ ဆင်းရဲနေကြသည်မှာ ကံဟုပင်ယူဆကြသည်။ ထားစရာမရှိအောင် ချမ်းသာသူများသည် စားစရာမရှိအောင် မွဲတေနေသောသူများကို မကူညီကြပါ။ ကူညီခွင့်လမ်း မရကြပါ။ ကျောင်းဆောက် ဘုရားတည်ပြီး နတ်ပြည်လောက်ကိုသွားဖို့သာ ကြိုးစားကြကုန်၏။
 
*** *** ***
 
ဆရာမများနှင့် ဆရာဦးကြည်စိုးထွန်း ရှိနေသည်။ နောက်ဆရာ ဦးမြင့်ထွန်းဖေ ရောက်လာပါသည်။ ဟောပြောမည့်အခန်း ရောက်သွား သည်။ ဟောပြောမည့်ခေါင်းစဉ်က ကွေးမြစ်ပေါ်က တံတား (The Bridge on the River Kwai) ကို သုံးသပ်ခြင်း ဖြစ်သည်။
 
ကျွန်တော်က စစ်ချီသီချင်း `Colonel Bogey March´ ကို ဖွင့်ပြသည်။ `Colonel Bogey March´ သည် လူသိများသော လေချွန်သံဖြစ်သည်။ ရုပ်ရှင်ဇာတ်ဝင်သီချင်း Theme Song ဖြစ်သည်။ ပြီးတော့ သူတို့ကို ဇာတ်သိမ်းခန်းလေး ပြသည်။
 
ကွေးမြစ်ပေါ်တွင် တံတားဆောက်လုပ် ပြီးစီးသွားလေပြီ။ အဝေးမှ ဂျုံးဂျုံးဂျက်ဂျက်ဟူသော ရထားလာသံ ကြားနေရသည်။ တူတူ တူတူ ဟူသော ဥသြဆွဲသံကိုလည်း တစ်ချက်တစ်ချက် ကြားနေရသည်။ တံတား တည်ဆောက်သူ ကာနယ်နစ်ကိုဆင်က တံတားပေါ် လျှောက်ကာ ပီတိဝေနေသည်။ ထိုစဉ် မသင်္ကာဖွယ် တစ်စုံတစ်ခုကို သူတွေ့သည်။ တံတားပေါ်ရှိ ဂျပန်စစ်ဗိုလ် ကာနယ်ဆိုင်တိုကို အကြောင်းကြားသည်။
 
`အောက်မှာ တစ်ခုခုတော့ တစ်ခုခုပဲ။ ကျွန်တော် မသင်္ကာဖွယ်ရာကို တွေ့တယ်။ ဆင်းကြည့်ရအောင်´
 
သူတို့နှစ်ယောက် တံတားအောက် ဆင်းကြည့်သည်။ ၀ါယာကြိုး ဆင်ထား သည်ကို တွေ့သည်။ ၀ါယာကြိုးနောက်ကို လိုက်သည်။ မိုင်းခလုတ်ဆွဲရာ အနီး ရောက်သောအခါ မိုင်းခွဲရန် အသင့်စောင့်နေသော ဂျိုင့်စ်က ကာနယ်ဆိုင်တိုကို ဓားနှင့်ထိုးကာ သတ်လိုက်ရသည်။
 
`ဒီလိုဗုံးခွဲတာ အမေရိကန်တို့ အစီအစဉ်ပါ။ တို့ဟာ မဟာမိတ်တွေပါ´ ဟု ကာနယ်နစ်ကိုဆင်ကို ပြောပြသည်။ သို့သော် ကာနယ်နစ်ကိုဆင်က နားမထောင်ပါ။ `ကယ်ကြပါ´ ဟု လှမ်းအော်လေသည်။ နစ်ကိုဆင် အသံကြောင့် ဂျပန်စစ်သားများ သေနတ်ဖြင့် လှမ်းပစ်ရာ ဂျိုင့်စ် ကျဆုံး သွားသည်။ ထိုစဉ် လဲကျနေသော ကာနယ်နစ်ကိုဆင်ကို ရေကူးလာသော ရှီးယားက လှမ်းပြီးတားသည်။ မရပါ။ ရှီးယားသည် ဂျပန်စစ်သည်များ ပစ်ခတ်သော ကျည်ဆန်များကြောင့် သေလုနီးပါး ဒဏ်ရာရသွားသည်။ ဘာမှ မတတ်နိုင်သည့်အချိန်တွင် ၀ါဒင်က မော်တာဖြင့် လှမ်းထုသည်။ နစ်ကိုဆင် ဒဏ်ရာရသွားသည်။
 
ကာနယ်နစ်ကိုဆင်သည် ဒယိုင်းဒယိုင်ဖြင့် လျှောက်လှမ်းလိုက်ရာ ဗုံးဖောက်ခွဲသော ခလုတ်ပေါ် လဲကျကာ တံတားပေါ် ရောက်လာသော ရထားပါ ပေါက်ကွဲ၍ မြစ်ထဲကို ကျသွားလေသည်။
 
*** *** ***
 
ထိုရုပ်ရှင်ကားသည် အကယ်ဒမီဆု ၇ ဆုရသော ရုပ်ရှင်ဖြစ်သည်။ အမေရိကန် ကွန်ဂရက် သမိုင်းဌာနက မှတ်တမ်းတင် သိမ်းဆည်း ထားရ မည့် ရုပ်ရှင်အဖြစ် သတ်မှတ်ကာ သိမ်းဆည်းသည်။ ဗြိတိသျှရုပ်ရှင်ထဲတွင် ၁၁ ကားမြောက် အကောင်းဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ထားသည်။ ဇာတ်လမ်းတွင် အရှေ့တောင်အာရှကို ၀င်ရောက်လာသော ဂျပန်တို့သည် အင်္ဂလိပ်ကို မြန်မာပြည်က တိုက်ထုတ်လိုက်ပြီး စစ်အောင်နိုင်ရေး အတွက် ရိက္ခာ လက်နက် ပို့ဆောင်ရန် မီးရထားလမ်း တစ်ခုကို တည်ဆောက် သည်။ ထိုရထားလမ်းသည် စင်ကာပူမှ မလေး၊ ဘန်ကောက်၊ ရန်ကုန် ရောက်ရန်ဖြစ်သည်။ မြန်မာပြည်နယ်စပ် လမ်းပိုင်းတွင် ကာနယ်ဆိုင်တို က တာဝန်ယူထားသော အဖွဲ့က ကွေးမြစ်ပေါ်တွင် တံတားဆောက်ရမည် ဖြစ်သည်။
 
ဂျပန်တို့ ရထားလမ်းအတွက် စစ်သုံ့ပန်းများ၊ အရပ်သားချွေးတပ်များကို ထိုရထားလမ်း တစ်လျှောက် ခေါ်ယူအသုံးပြုသည်။ လူသိန်းချီပြီး ဖမ်းဆီး ခေါ်ဆောင် အလုပ်လုပ်စေရာ အာဟာရ မလုံလောက်ခြင်း၊ ရောဂါများ ဖြစ်ပွားခြင်းကြောင့် မဟာမိတ်တပ်မှ စစ်သည် တစ်သောင်းကျော် သေပြီး မြန်မာလူမျိုး ရှစ်သောင်းကျော် သေဆုံးပါသည်။ ထိုစစ်သည်များကို သံဖြူဇရပ် စစ်သချို င်္င်းတွင် မြှုပ်နှံပေးခဲ့သော်လည်း မြန်မာ အရပ်သားများ ကိုမူ မည်သူကမှ အသိအမှတ်မပြုခဲ့ပေ။ ယနေ့တိုင် မှတ်တမ်းမှတ်ရာများ ထားရှိခြင်းမရှိပေ။
 
*** *** ***
 
ဂျပန်စစ်ဗိုလ် ကာနယ်ဆိုင်တိုက မြန်မာ- ထိုင်း နယ်စပ်အနီးရှိ ကွေးမြစ် အပေါ်တွင် တံတားဆောက်ရန် တာဝန်ယူထားသည်။ ဂျပန်များ ဦးစီးဆောင်ရွက်ရာတွင် အဆင်မပြေပေ။ ဗြိတိသျှ အရာရှိများက ဂျီနီဗာ စစ်ရေးသဘောတူညီချက် စာချုပ် (Geneva Convention ) အရ အလုပ်ကြမ်းဝင်မလုပ်နိုင်ဟု ဆိုသည်။ သူတို့ကို အပြစ်ဒဏ် ပေးသော် လည်း အဆင်မပြေပေ။
 
နောက်ဆုံး ကာနယ်ဆိုင်တိုက ဗြိတိသျှ စစ်ဗိုလ် ကာနယ်နစ်ကိုဆင်ကို ညှိနှိုင်းကာ တံတားကိုဆောက်စေသည်။ နစ်ကိုဆင်က တံတားကို ဆောက်သည်။ ဂျပန်က မလုပ်နိုင်သည်ကို ဗြိတိသျှတို့က လုပ်နိုင်စွမ်း သက်သေပြသည်။
 
ထိုအချိန်တွင် စခန်းမှ လွတ်မြောက်သွားသူ ၀ါဒင်နှင့်အတူ ဂျိုင်စ် ရှီးယားတို့ ဒီစခန်းကို ပြန်ရောက်လာကာ တံတားကို ဖျက်ဆီးရန် ဗုံးထောင်သည်။ ဒီတံတားသည် ဂျပန်အတွက် အထောက်အကူဖြစ်စေပြီး မဟာမိတ်တို့ကို စစ်ရေးအရ ထိခိုက်နစ်နာမည်ကို ကာနယ်နစ်ကိုဆင် သဘောပေါက်ပါသည်။ သို့သော် သူသည် သူ့၏ အတ္တနှင့် တံတားကို ကာကွယ်လိုသည်။ ထို့ကြောင့် တံတားနှင့်အတူ သူ့ကို လုပ်ကြံလိုက်ရခြင်း ဖြစ်သည်။
 
*** *** ***
 
ဒါ ငါလုပ်ထားတယ်။ ငါလုပ်တာဟာ ဘယ်သူ ထိထိ၊ ခိုက်ခိုက် မပျက်စီးသင့်ဘူးဆိုသည့် အတ္တသည် အလွန်ကြောက်စရာ ကောင်းသည်။ ဗြိတိသျှတွင်သာ ဒီအတ္တမျိုးရှိသည်မဟုတ်ပါ။ တစ်ကမ္ဘာလုံးကလူတွေသည် အမျိုးမျိုးသော အတ္တများဖြင့် ဘ၀ကို တည်ဆောက်နေကြပါသည်။ နိုင်ငံရေးတွင် အတ္တကင်းမဲ့သူကတော့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။
 
သူက အင်္ဂလိပ်တွေကို ပြောခဲ့သည်။ မြန်မာပြည်သည် တို့ပြည်။ အင်္ဂလိပ်တွေ မတရားသိမ်းထားသည်။ ထို့ကြောင့် ဒီပြည်ကိုပြန်ရဖို့ ဘယ်နည်းနှင့်မဆို ကြိုးစားမည်ဆိုသော စကားကိုဆိုခဲ့သည်။ အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် သူ တရုတ်ကို အကူအညီတောင်းဖို့ သွားသည်။
 
သို့သော် ဂျပန်နှင့်တွေ့ကာ ရဲဘော်သုံးကျိပ်ကို စည်းရုံးကာ ဂျပန်နိုင်ငံကို စစ်ပညာသင်ယူရန် သွားရောက်ခဲ့သည်။ မြန်မာပြည်ကို ပြန်ဝင်လာသည့် အခါ အင်္ဂလိပ်တွေ နောက်ဆုတ်သွားသည်။ ထိုအခါ ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသည် သူ့ကို စစ်သေနာပတိ ခန့်သည်။
 
သူက ပြည်သူတွေကို နှိပ်စက်သော ဂျပန်တို့၏ မူဝါဒ၊ ဖက်ဆစ်စနစ်ကို သဘောပေါက်သည်။ ထို့ကြောင့် အင်္ဂလိပ်နှင့် ပေါင်းသည်။ အင်္ဂလိပ်တွေ က သူ့ကို သရော်သည်။
 
`အရင်က ဂျပန်နဲ့ပေါင်းပြီး ဘာကြောင့် အင်္ဂလိပ်နဲ့ ပေါင်းတာလဲ´
 
သူ့မှာ တစ်ချောင်းတည်းသော စိတ်ဓာတ်ရှိသည်။ ထိုစိတ်ဓာတ်ကား လွတ်လပ်ရေးရရန် ဖြစ်သည်။ သူ့အတ္တကို ဘေးဖယ်ထားသည်။ သူ့ကိုယ်သူ မကြည့်ပါ။ ပြည်သူတွေကို ကြည့်သည်။ သူ့အတ္တသူ မတည်ဆောက်ပါ။
 
*** *** ***
 
ကွေးမြစ်ပေါ်ကတံတား (The Bridge on the River Kwai) ကို သုံးသပ် ဆင်ခြင်ခြင်းအတွက် ပရိသတ်ကို ပြောပြခဲ့သည်။ ထိုဇာတ်ကားသည် စစ်ကားဖြစ်၍ စစ်၏ အနိဋ္ဌာရုံကို မြင်တွေ့ရသည်။ လူတွေ အများကြီး သေကြသည်။ သူတို့တွင် မိသားစုများ ရှိသည်။ သူတို့သည် သိက္ခာမဲ့စွာ ချုံနွယ်ချုံကြား လမ်းတွင် ပစ်သတ်ခံကြရသည်။
 
လူ၏တန်ဖိုး ကင်းမဲ့သွားသည်။ ပထမကမ္ဘာစစ်၊ နောက်တော့ ဒုတိယ ကမ္ဘာစစ်။ စစ်သည်ထိုခေတ် ထိုနေရာတွင် ရပ်မသွားပါ။ တိုက်ဆဲ ခိုက်ဆဲ ပစ်ဆဲ ခတ်ဆဲပါပဲ။ လက်နက်မျိုးစုံ ထွက်လာပါသည်။ ထိုလက်နက်များကို မိမိတို့ အကျိုးစီးပွားအတွက် ထုတ်လုပ်သည်။ ရောင်းဝယ် ဖောက်ကားပါ သည်။ လက်နက်တွေနှင့် သတ်ဖြတ်နေသည်။ သို့သော် တစ်ဖက်က ငတ်နေပါသည်။ ဒီခေတ်ဒီအခါကြီးတွင် အကောင်းဆုံးဘ၀ကို ပိုင်ဆိုင်လို့ရ ပါသည်။ မှန်လုံကားတွေနှင့် ခရီးသွားကြသည်။ အကောင်းဆုံး ကားတွေစီးလို့ရသည်။ အကောင်းဆုံး လေအေးပေးစက် တွေနှင့် နေလို့ရသည်။ သို့သော် လူတွေ ဆင်းရဲနေကြသည်။ စစ်ကို ဆင်ခြင်နိုင်ဖို့ တင်ပြခဲ့ပါသည်။
 
ဒေါက်တာခင်မောင်ညို
The Ladies News
 

 

Vote: 
No votes yet
Reader Choice: 

Add new comment

Plain text

  • No HTML tags allowed.
  • Web page addresses and e-mail addresses turn into links automatically.
  • Lines and paragraphs break automatically.